၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်ချိန်တွင် စစ်ဘေးရှောင်ကလေးများ ကျောင်းတက်ရန် အခက်အခဲဖြစ်ပေါ်နေ ဟုဆို

ရန်ကုန်၊ မေ ၃၁

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ယခုဖွင့်လှစ်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် စစ်ဘေးရှောင်ကလေးငယ်များ ကျောင်းတက်ရန် ကျောင်းပြောင်းလက်မှတ်နှင့် စာရွက်စာတမ်းအချို့ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံရေပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် နေရာဒေသအဆင့်ဆင့်သို့ ပြောင်းရွှေ့နေထိုင်ရသည့် စစ်ဘေးရှောင်ကလေးငယ်အချို့ ငါးနှစ်တာကျောင်းနှင့်ဝေးကွာနေရပြီး နီးစပ်ရာကျူရှင်များတွင် အသက်နှင့် အတန်းအလိုက်သာ ပညာသင်ကြားနေခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့က စစ်ဘေးရှောင်လာတာ ၅ နှစ်လောက်ရှိပြီ။ ၂၀၂၁ နှစ်က နိုင်ငံရေးနဲ့ တိုက်ပွဲတွေကြောင့် ကန့်ဘလူကနေ ဖားကန့်ကိုပြောင်းလာတာ။ အခု သမီးနှစ်ယောက်မှာ တစ်ယောက်က ၆ တန်းတက်ရမှာ သမီးငယ်က ၄ တန်းတက်ရမှာ။ နှစ်တိုင်း ကျူးရှင်ပဲထားနေရတာ။ ဒီနှစ်တော့ ကျောင်းထားဖို့ကို ကျောင်းပြောင်းလက်မှတ်က အခုပြဿနာတက်နေတာ။ တရာဝင်ကျောင်းထားဖို့ကို ကျောင်းပြောင်းလက်မှတ် TC ရဖို့က ၁၅ သိန်းတဲ့။ (ဘက) ဘုန်းကြီးကျောင်းနဲ့တွဲထားမယ်ဆို စာရင်းထည့်တာက ၃ သိန်းဆိုလို့ စုစုပေါင်း ၁၈ သိန်းဆိုတော့ မလွယ်ဘူးလေ။ ကျောင်းသားကနှစ်ယောက်ဆိုတော့ အတော်စဉ်းစားနေရတယ်။” ဟု စစ်ဘေးရှောင်လာသူတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။

မတ်လ ၈ ရက်၊ နံနက်ပိုင်းက ဖားကန့်မြို့၊ လုံးခင်ကျေးရွာအုပ်စုတွင် KIA ကချင်လွတ်မြောက်ရေးတပ်နှင့် အစိုးရတပ်တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့မှုကြောင့် အနီးနားရှိနေ စစ်ဘေးရှောင်များနေထိုင်သည့် အိမ်နှင့် စျေးဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့မှုကြောင့် ငွေကြေးများဆုံးရှုံးကာ ကလေးများကျောင်းအပ်နှံရန် အခက်အခဲဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

“အဲ့နေ့က တစ်ဖက်ကလေယာဉ်ဗုံးကျဲတော့ လမ်းမှားပြီးတော့ ဝင်လာတာထင်ပါတယ်။ တစ်ဖက်က အဖွဲ့ကလေ။ သူတို့ထွက်ပြေးလားတာလားမသိဘူး။ စစ်တပ်ကရပ်ခိုင်းတာကိုမရပ်တော့ ပစ်ကြခတ်ကြရင်းနဲ့ စျေးဆိုင်ထဲကိုမှန်တာ။ စျေးဆိုင်ထဲ့ကပစ္စည်းတွေအပြင် သံသေတ္တာထဲက အဝတ်တွေပါမကျန် အကုန်ပျက်စီးသွားတယ်။ အခုလည်း နောက်တစ်နေရာကို စစ်ဘေးရှောင်နေရတယ်။ အိမ်ရော၊ ဆိုင်ပါအပြင် ကျောက်တွေပါပျက်စီးသွားတာ။ ကလေးတွေကျောင်းထားဖို့ကလည်း သိန်းသုံးဆယ်ကျော်လောက်ကုန်မှာဆိုတော့ အဆင်မပြေဘူး။ ကလေးတွေလည်း ကျောင်းမတက်ရတဲ့နှစ်က များနေပြီ။” ဟု ဖားကန့်မြို့သို့ စစ်ရှောင်လာသူတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ ဗန်းမော်မြို့တွင် KIA နှင့် အစိုရတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ခြင်းကြောင့် မန္တလေးမြို့သို့ စစ်ရှောင်သွားကြသည့် ဒေသခံများ၏ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်ခွင့်ရရှိရန် သန်းခေါင်းစားရင်းနှင့် ကလေးမွေးစာရင်းအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တော့ တချို့ကရုတ်တရက်ထွက်လာကြတော့ စာရွက်စာတမ်းတွေက ပါမလာကြတဲ့သူတွေလည်းရှိတယ်။ ပျောက်ကြတာတွေလည်းရှိတယ်။ ဗန်းမော်ရုံးစိုက်တာက မြစ်ကြီးမှာထိုင်တော့ ကလေးကျောင်းထားချင်တယ်ဆိုရင် ဖွားစာရင်းကမရှိဘူး။ ဒီဖွားစာရင်းအတွက် မြစ်ကြီးနာကိုလာလျှောက်ရမယ်ဆိုရင် အသွားအပြန်ခရီးစာရိတ်က ကားနဲ့ဆို ၁၅ သိန်းလောက်ကုန်တယ်။ လေယာဉ်နဲ့ဆို ၂၀ ကျော်ကုန်မှာ။ စစ်ဘေးရှောင်က ဒီလိုငွေကြေးပမာဏကို ဘယ်တတ်နိုင်မလဲ။ မတတ်နိုင်တဲ့သူတွေအတွက်ကျတော့ ဒီကလေးရဲ့ပညာရေးက မတွေးရဲစရာပေါ့နော်။” ဟု ဗန်မော်မြို့မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံးကို ကျောင်းတက်နိုင်ရန် မြေပြင်စာရင်း တစ်ဦးမကျန်ကောက်ယူရန် ကချင်ပြည် နယ်ဝန်ကြီးချုပ်မှ မေလ ၁၄ ရက်နေ့က ပြောကြားထားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ထို့အပြင်၂၀၂၆ -၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိကျောင်းအပ်လက်ခံပြီး၊ ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများအားလုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ အစိုးရကျောင်းများတွင် ကျောင်းသားမိဘများ ကျောင်းအပ်နှံခြင်းမပြုရန်နှင့် အစိုးရကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘကကျောင်းများတွင် ကျောင်းအပ်နှံခြင်း လုံးဝမပြုလုပ်ရန် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ပုလဲပအဖမှ မေလ ၂၆ ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ (ပဲခူးတိုင်းအတွင်းမှ စစ်ဘေးရှောင်ကလေးငယ်များ)
ယနေ့ခေတ်

၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်ချိန်တွင် စစ်ဘေးရှောင်ကလေးများ ကျောင်းတက်ရန် အခက်အခဲဖြစ်ပေါ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.