ပြင်သစ်တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အဓိကရုဏ်းများဖြစ်ပွား ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရ

ပါရီ၊ မေ ၃၁

ပါရီစိန့်ဂျာမိန်း (PSG) အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အာဆင်နယ်အသင်းကို အနိုင်ရရှိပြီးနောက် ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ ဘောလုံးပရိသတ်များနှင့် ရဲတပ်ဖွဲ့အကြား ပဋိ ပက္ခများတွင် စုစုပေါင်း လူ ၂၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ရှစ်ဦးမှာ ပြင်းထန်သော အခြေအနေတွင် ရှိနေကြောင်း ပြည်ထဲရေးဝန်ကြီး လောရင့် နူနက်ဇ်က ပြောကြားသည်။ ပါရီမြို့တော်ရှိ ဘတ်စ်ကားနှင့် ရထားဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေသော မငြိမ်မသက်မှုများကိုထိန်းချုပ်ရန် ရဲအရာရှိထောင်ပေါင်းများစွာကိုချထားခဲ့သည်။ ၎င်းတို့အနက် ၅၇ ဦး ဒဏ်ရာရရှိခဲ့သည်။

လူ ၇၈၀ ဦးကို အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဖမ်းဆီးခဲ့ပြီး၊ ၄၅၀ ကျော်ကို ထိန်းသိမ်ထားကြောင်း နူနက်ဇ်က ပြောကြားသည်။ ပါရီမြို့ပတ်လမ်းတွင် မတော်တဆမှုတစ်ခု ဖြစ်ပွားပြီးနောက် လူတစ်ဦးသေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အဓိကရုဏ်းကျူးလွန်သူများက ညလုံးပေါက်ပိတ်ဆို့ရန် ကြိုးစားခဲ့ကြသည်။

တနင်္ဂနွေနေ့က အီဖယ်မျှော်စင်နေရာတွင်ကျင်းပသော အောင်ပွဲခံစီတန်းလှည့်လည်ပွဲအတွက် ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ခန့်ကို စုစည်းထားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များသည် ပြတ်ပြတ်သားသားတုံ့ပြန်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

“ ကျွန်ုပ်တို့သည် အများပြည်သူ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်အတွက် အလွန်ကောင်းမွန်သော နိုင်ငံတစ်ခုဖြစ်သည်။ လွတ်လပ်စွာစုဝေးခွင့်ပြုသော်လည်း အလွန်အကျွံများကို ခွင့်မပြုပါ” ဟု ၎င်းက ပြောကြားသည်။

PSG အသင်းသည် ယမန်နှစ်က ချန်ပီယံလိဂ်ဆုဖလားရရှိစဉ်ကလည်း အလားတူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး၊ အလွန်အကျွံအောင်ပွဲခံမှုများကြောင့် အသက်ဆုံးရှုံးမှုများရှိခဲ့သည်။

ပါရီမြို့၏ ဘတ်စ်ကားနှင့် ရထားဝန်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေသည့် မငြိမ်မသက်မှုများကို ထိန်းချုပ်ရန် ရဲအရာရှိထောင်ပေါင်းများစွာကို ချထားခဲ့သည်။

ပါရီမြို့ခံအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီးမကြာမီ Champs-Élysées လမ်းမကြီးတွင် ပရိသတ်များဝိုင်းအုံနေခဲ့သည်။

ဗီဒီယိုဖိုင်များအရ မီးရှူးမီးပန်းများပစ်ဖောက်ခြင်း၊ လမ်မတစ်လျှောက် လျှပ် စစ်စက်ဘီးများကိုမီးရှို့ခြင်း၊ ပျော်ပါးသူများက လမ်းပေါ်မှဆိုင်များ၏ မှန်များကိုရိုက်ခွဲနေခြင်းများကို တွေ့မြင်ရသည်။ မြို့လယ်ခေါင်ကလူအုပ်ကို လူစုခွဲရန် ရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။

ပါရီရဲတပ်ဖွဲ့က ဖမ်းဆီးမှု ၄၈၀ ပြုလုပ်ခဲ့ပြီး၊ အရွယ်မရောက်သေးသူ ၈၂ ဦးအပါအဝင် ၂၇၇ ဦးကို ဖမ်းဆီးခဲ့သည်။

ရဲအရာရှိများကို တိုက်ခိုက်ခြင်းအပြင် ပစ္စည်းများကိုဖျက်ဆီးခြင်း၊ ခိုးယူခြင်းနှင့် တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းများအထိ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ပြောကြားသည်။

ပါရီမြို့ပတ်လမ်း Porte Maillot အနီးတွင် အသက် ၂၄ နှစ်အရွယ်လူငယ် သေဆုံးမှုနှင့်ပတ်သက်သည့် အခြေအနေက ရှင်းရှင်းလင်းလင်းမရှိသေးချေ။ ၎င်းသည် မော်တော်ဆိုင်ကယ်စီးနေစဉ် ကွန်ကရစ်တုံးများကို ဝင်တိုက်မိခဲ့ကြောင်း မျက်မြင်သက်သေအချို့က ပြောသည်။

ပါရီမြို့၏ တခြားနေရာတစ်ခုတွင် ရန်ပွဲတစ်ခုဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်တစ်ဦးလည်း အခြေအနေစိုးရိမ်ရကြောင်း သိရသည်။ ဘောလုံးနှင့်ဆက်စပ်သည့် အဓိကရုဏ်းတွင် ၎င်းတို့ပါဝင်ပတ်သက်ခဲ့သလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။

“ အများစုက အောင်ပွဲခံဖို့ထွက်လာကြပြီး အားလုံးအဆင်ပြေသွားပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက တနင်္ဂနွေနေ့က ပြောကြားသည်။

“ ဒါပေမယ့် PSG ပရိသတ်မဟုတ်တဲ့ တခြားလူတွေ၊ ပွဲကိုတောင် မကြည့်တဲ့သူတွေက ပြဿနာရှာဖို့လာကြပါတယ်။ ဒီလိုမဖြစ်အောင် ကျွန်တော်တို့ ဒီမှာရှိနေတာပါ။ ကျွန်တော်တို့ရဲ့တုံ့ပြန်မှုက ပြတ်သားပါတယ်။” ဟု ဆိုသည်။

“ ပြင်သစ်မှာသာ ဘောလုံးအသင်းတစ်သင်းရဲ့အောင်ပွဲက အဓိကရုဏ်းတွေကို ဖြစ်ပေါ်စေတာပါ။” ဟု အစွန်းရောက်လက်ယာယိမ်းခေါင်းဆောင် မာရင်း လီပန်က X တွင် ရေးသားခဲ့သည်။

“ ပြင်သစ်မှာသာ အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ရတာမျိုး မဖြစ်အောင် အောင်ပွဲခံတဲ့ညနေခင်းမှာ လူတိုင်း အိမ်ထဲမှာပိတ်လှောင်ထားဖို့ လိုအပ်တယ်လို့ ခံစားရပါတယ်” ဟု သူမက ဆို သည်။

ကစားသမားများသည် တနင်္ဂနွေနေ့နှောင်းပိုင်း အောင်ပွဲခံစီတန်းလှည့်လည်ပွဲတွင် ပါဝင်ဖို့စီစဉ်ထားသည်။ အီဖယ်မျှော်စင်ဘေးက Champ-de-Mars ကို လှည့်လည်ကြည့်ရှုခြင်းနှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကကျင်းပသည့် ဧည့်ခံပွဲလည်း ပါဝင်မည်ဖြစ်သည်။

Ref: bbc.com
ယနေ့ခေတ်

ပြင်သစ်တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး အဓိကရုဏ်းများဖြစ်ပွား ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.