ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေများ ဝင်ရောက်မှုကြောင့် နေအိမ်များနစ်မြုပ်

ရန်ကုန်၊ ဇွန် ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေများဝင်ရောက်ပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့ရှိ နေအိမ်းများ ရေနစ်မြုပ်မှုများဖြစ်ပွားနေကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်၊ နံနက် ၁ နာရီခန့်က၊ ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေများဝင်ရောက်ပြီး ငှက်ပျောတောရပ်ကွက်၊ နမ့်မှော်ရွာ၊ လုံးခင်းစျေးတန်းနှင့် လုံးဝေခါမှော်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး၊ နေအိမ်များရေနစ်မြုပ်နေကြောင်း သိရသည်။

“အခုက ဥရုချောင်းကနေပဲ ရေက အကြီးအကျယ်ဝင်နေတာ။ မြေနိမ့်ပိုင်းက အိမ်တွေဆိုနေမရတော့ဘူး။ နစ်ကုန်ပြီ။ မိုးမတိတ်ရင်တော့ ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်။ စိုးရိမ်ရတဲ့အ ခြေအနေတော့ရှိတယ်။ မြေနိမ့်ပိုင်းမှာ ငှက်ပျောတောဘက်တွေ လုံးဝေခါမှော်ဘက်တွေ အဲ့ဘက်တွေဆို ပိုဆိုးပါတယ်။ ည ၁ နာရီလောက်ထဲကစပြီးရေကြီးတာ။ မနက်ကျတော့ သွားလို့တောင်မရတော့ဘူး။ စျေးတန်းဘက်ဆို ပိုဆိုးတယ်။” ဟု မြို့ခံတစ်ဦးက ယနေေ့ခတ်သို့ ပြောသည်။

မို့သည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့ရှိ ကျောက်တူးဖော်ရေးလုပ်ငန်းနေရာများကို ဥရုချောင်းရေများဝင်ရောက်ကာ ရေနစ်မြုပ်နေကြောင်း သိရသည်။

“ကျောက်တွင်းလုပ်ကွက်တွေဆို ပိုးဆိုးတယ်။ ကမ်းတွေပြိုကျတာ။ ဘာမှလုပ်မရတော့ဘူး။ ရေတွေဝင်လို့ အလုပ်တွေနားထားရတာတယ်။ ဒီနှစ်ကပိုဆိုးတယ်ပြောရမယ်။ စျေးတန်းကြီးဆိုအကုန်ပိတ်ထားရတယ်။ သွားလာလို့ကိုမရတောတာ လှေရှိရင် လှေနဲ့သွားကြ ဖောင်နဲ့သွားကြပေါ့နော်။ ရေကကြီးတော့ အန္တရာယ်တော့ရှိတယ်။ ကလေးတွေအတွက် ရေနစ်တာ ရေမျောတာတို့ဖြစ်တတ်တယ်။ သတိတော့ထားနေမှရမှပါ။” ဟု လုံးခင်းမြို့တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါရေကြီးရေလျှံဖြစ်နေသည့် ဖားကန့်မြို့တစ်ဝိုက်တွင် ဓာတ်တိုင်များလဲကျကာ လျှပ်စစ်မီးများပြတ်တောက်နေကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မိုးသည်းထန်စွားရွာသွန်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ မိုးကောင်းမြို့တွင် ဇွန်လ ၁၈ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းကောင်းချောင်းရေသည် စိုးရိမ်ရေအမှတ်သို့ရောက်ရှိကာ မြေနိမ့်ပိုင်းနေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး လူဦးရေသောင်းချီကာ ရေဘေးကြုံတွေ့နေရပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။

ကချင်ပြည်နယ် (ပူတာအို၊ မချမ်းဘော၊ မြစ်ကြီးနား) နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် ရက်ဆက်မိုးသည်းထန်မှုကြောင့် ဧရာဝတီမြစ်ဖျားခံရာ မြစ်ငယ်၊ ချောင်းငယ်များနှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့တွင် ရေမျက်နှာပြင် ရုတ်တရက်မြင့်တက်လာနိုင်ကာ လျှပ်တစ်ပြက်ရေကြီးနိုင်ကြောင်း မိုး/ဇ ပညာရှင် ဦးဝင်နိုင်က သူ၏လူမှုကွန်ရက်တွင် ပြောကြားထားသည်။

ထို့အပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ ယနေ့ည နေ ၄ နာရီတွင် ထုတ်ပြန်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဖားကန့်မြို့ရေကြီးရေလျှံမှုများ
ယနေ့ခေတ်

ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေများ ဝင်ရောက်မှုကြောင့် နေအိမ်များနစ်မြုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.