ဘေဂျင်း၊ ဇွန် ၂၂
Huggies အမှတ်တံဆိပ်အပါအဝင် (Diapers) တစ်ခါသုံး ကလေးအနှီးများတွင် ယားယံစေသောအရာတစ်ခု တွေ့ရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြပြီးနောက် တရုတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ကြောင်း ဘေဂျင်း ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့က ဇွန် ၂၂ ရက်၊ တနင်္လာနေ့တွင် ပြောကြားသည်။
တရုတ်သတင်းဌာန Economic Information Daily မှ ပြီးခဲ့သည့်အပတ်က သတင်းတစ်ခုအရ Huggies, Babycare နှင့် Bibabebe အမှတ်တံဆိပ်များမှ ကလးအနှီးများတွင် မူးဝေစေနိုင်သော အဆိပ်အတောက်ဖြစ်စေသော အရာတစ်မျိုးဖြစ်သည့် formamide ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အနှီးထုတ်လုပ်သူသုံးဦးက ပြင်ပအဖွဲ့အစည်းမှ ပြန်လည်စစ်ဆေးမှုအပြီးတွင် formamide ကို မတွေ့ရှိခဲ့ကြောင်း သီတင်းပတ်ကုန်တွင် ကြေညာချက်များထုတ်ပြန်ခဲ့သည်။
Huggies က “မှားယွင်းသော၊ လှည့်ဖြားသောနှင့် အန္တရာယ်ရှိသော၊ အမှတ်တံဆိပ်ကို ထိခိုက်စေသော အချက်အလက်အချို့” အတွက် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားသည်။
တရုတ်နိုင်ငံ၏ ဈေးကွက်စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးဌာန၏ ကြေညာချက်တွင် အမျိုးသားကျန်းမာရေးအာဏာပိုင်များနှင့်အတူ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်လိုက်ပြီဖြစ်သည်။
“သက်ဆိုင်ရာအချက်အလက်များကို ချက်ချင်းကြေညာပါမည်” ဟု စောင့်ကြည့်ရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုအတွက် အချိန်ဇယားကို မသတ်မှတ်ဘဲ ပြောကြားခဲ့သည်။
formamide ပါဝင်သော အနှီးများကို ပြည်ပတွင်ရောင်းချခဲ့ခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။
၂၀၀၈ ခုနှစ်တွင် ညစ်ညမ်းသောနို့မှုန့်ကြောင့် ကလေး ၃၀၀,၀၀၀ ခန့် ဖျားနာခဲ့သည့် တရုတ်နိုင်ငံတွင် ကလေးများနှင့် စားသုံးသူဘေးကင်းရေးဆိုင်ရာ ပြဿနာများသည် အထူးထိ ခိုက်လွယ်သည်။
Ref: channelnewsasia.com
ယနေ့ခေတ်
ညစ်ညမ်းသော တစ်ခါသုံး ကလေးအနှီးများအကြောင်း မီဒီယာများက ဖော်ပြပြီးနောက် တရုတ်က စတင်စုံစမ်းစစ်ဆေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်