မြန်မာ့ကမ်းလွန်တွင် လှေနှစ်စင်း မတော်တဆမှုဖြစ်ပွား ၅၀၀ ကျော် သေဆုံးဖွယ်ရှိဟု ကုလသမဂ္ဂ ပြောကြား

ဂျီနီဗာ၊ ဇူလိုင် ၁၆

ဇွန်လကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံကမ်းလွန်တွင် လှေနှစ်စင်းတိမ်းမှောက်မှုသတင်းများ ထွက်ပေါ်ပြီးနောက် လူပေါင်း ၅၀၀ ကျော် သေဆုံးဖွယ်ရှိကြောင်း ကုလသမဂ္ဂက ဇူလိုင် ၁၆ ရက်၊ ကြာသပတေးနေ့တွင် သတိပေးခဲ့သည်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်းနှင့် ဒုက္ခသည်အေဂျင်စီ UNHCR တို့က “လူ ၅၀၀ ကျော်တင်ဆောင်လာသော လှေနှစ်စင်းသည် မကြာသေးမီရက်များအတွင်း မြန်မာနိုင်ငံကမ်းရိုးတန်းတွင် တိမ်းမှောက်သွားသည်” ဟူသော သတင်းများအပေါ် စိုးရိမ်ပူပန်ကြောင်း ပူးတွဲကြေညာချက်တစ်စောင်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ကနဦးသတင်းအချက်အလက်များအရ အဆိုပါလှေနှစ်စင်းသည် ဇွန်လကုန်ပိုင်းတွင် မြန်မာနိုင်ငံ စစ်ဘေးသင့် ရခိုင်ပြည်နယ်မှ ထွက်ခွာသွားခဲ့ပြီး အများစုမှာ မွတ်စလင်လူနည်းစုဝင်များဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ ကြီးမားသောစခန်းများမှ ထွက်ခွာလာခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ထိုစခန်းများတွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခသည် (မူရင်းအတိုင်း) တစ်သန်းကျော်သည် မသန့်ရှင်းသောအခြေအနေများတွင် နေထိုင်ကြသည်။

လူ ၂၅၀ ခန့် တင်ဆောင်လာသည်ဟု ယုံကြည်ရသော လှေတစ်စင်းသည် ထွက်ခွာပြီးမကြာမီတွင် အဆက်အသွယ်ပြတ်တောက်သွားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဒုတိယမြောက်လှေတစ်စင်းသည် ဇူလိုင်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ဧရာဝတီကမ်းရိုးတန်းတွင် နစ်မြုပ်သွားခဲ့သည်ဟု ယုံကြည်ရသည်။

“ဖြစ်ရပ်များနှင့် ထိခိုက်သေဆုံးမှုကိန်းဂဏန်းများကို တရားဝင်အတည်ပြုခြင်းမရှိသေးသော်လည်း UNHCR နှင့် IOM တို့သည် အသက်ဆုံးရှုံးမှုအန္တရာယ် ကြီးမားစွာရှိနိုင်သောကြောင့် အလွန်စိုးရိမ်ပူပန်နေကြသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအေဂျင်စီများက “ရေကြောင်းအခြေအနေများသည် ပုံမှန်အားဖြင့် ပိုမိုအန္တရာယ်များသော ပုံမှန်ရွက်လွှင့်ရာသီပြင်ပတွင် ဖြစ်ပွားခဲ့သည်” ဟု အလေးပေးပြောကြားခဲ့သည်။

“မကြာသေးမီက ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများသည် ထိုကဲ့သို့သော ပင်လယ်ရေကြောင်းလှုပ်ရှားမှုများနှင့် ဆက်စပ်သော အန္တရာယ်များကို ပိုမိုတိုး ပွားစေခဲ့သည်။”

ကြေညာချက်တွင် “အတည်ပြုပါက ဤဝမ်းနည်းဖွယ်ဖြစ်ရပ်သည် ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအပါအဝင် ယခုနှစ်အတွင်း အန်ဒမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ပျောက်ဆုံးနေသူ သို့မဟုတ် အသက်ဆုံးရှုံးခဲ့ရသူ ၃၀၀ နီးပါးကို ပိုမိုတိုးပွားစေလိမ့်မည်” ဟု သတိပေးထားသည်။

ရိုဟင်ဂျာများသည် ပိုမိုကောင်းမွန်သော နေထိုင်မှုအခြေအနေများကိုရှာဖွေရန် နှစ်စဉ် အန္တရာယ်များသော ပင်လယ်ခရီးများကို ဖြတ်သန်းကြပြီး လူကုန်ကူးမှုကွန်ရက်များ မကြာခဏကြက်စားလေ့ရှိသောပင်လယ်ပြင်တွင် ဟောင်းနွမ်းနေသောလှေများဖြင့် ခရီးသွားကြသည်။

UNHCR ၏အဆိုအရ ပြီးခဲ့သည့်နှစ်က အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းရှိ ပင်လယ်ပြင်တွင် ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါးပျောက်ဆုံး သို့မဟုတ် သေဆုံးကြောင်း သတင်းပို့ထားပြီး ယင်းမှာ အန္တရာယ်များသော ပင်လယ်ဖြတ်ကူးရန် ကြိုးစားခဲ့သူ ၆၅၀၀ ကျော်အနက်မှဖြစ်သည်။

ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် နောက်ဆုံးသတင်းထုတ်ပြန်ထားသော ကြေကွဲဖွယ်ဖြစ်ရပ်များသည် “ကြာရှည်စွာဖြစ်ပွားနေသော ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှုများ၏ ဆိုးရွားသောသက်ရောက်မှုအပြင် ရိုဟင်ဂျာအသိုင်းအဝိုင်းများအတွက် ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ချို့တဲ့နေခြင်းကို ပေါ်လွင်စေသည်” ဟု အလေးပေးဖော်ပြထားသည်။

“ပဋိပက္ခများ မြင့်တက်လာခြင်းနှင့် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှု အခြေအနေနှင့်အတူ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် အကူအညီနှင့် အခွင့်အလမ်းများ အကန့်အသတ်ရှိနေခြင်းသည် ဘေးကင်းလုံခြုံမှုနှင့် ကာကွယ်မှုကိုရှာဖွေရန် အန္တရာယ်များသော ပင်လယ်ခရီးများကို ကြိုးစားနေသူအရေအတွက် တိုးပွားလာစေသည်” ဟု ၎င်းတို့က ထောက်ပြခဲ့သည်။

“သတင်းပို့ထားသော ဖြစ်ရပ်များသည် ဘေးကင်းလုံခြုံမှုကို ရှာဖွေနေသူများ၏ မျှော်လင့်ချက်မဲ့မှုကို ဆက်လက်အခွင့်ကောင်းယူနေသော လူမှောင်ခိုနှင့် လူကုန်ကူးမှုကွန်ရက်များကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကိုလည်း မီးမောင်းထိုးပြသည်” ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

IOM နှင့် UNHCR တို့သည် “ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန်၊ ခိုလှုံခွင့်နှင့် ကာကွယ်မှုရရှိရန်နှင့် လူမှောင်ခိုနှင့် လူကုန်ကူးမှုကွန်ရက်များကို တိုက်ဖျက်ရေး လုပ်ဆောင်ချက်များ” ကို တောင်းဆိုထားသည်။

အေဂျင်စီများက ဘင်္ဂလားဒေ့ရှ်၏ “ရိုဟင်ဂျာဒုက္ခသည်များကို နှစ်ပေါင်းများစွာ လက်ခံထားရှိသည့် မှတ်သားဖွယ်ကောင်းသော ရက်ရောမှု” အတွက် ချီးကျူးဂုဏ်ပြုခဲ့သော်လည်း ဒုက္ခသည်များနှင့် အိမ်ရှင်အသိုင်းအဝိုင်းများအတွက် “စဉ်ဆက်မပြတ် နိုင်ငံတကာပံ့ပိုးမှု” အပြင် “အတင်းအကျပ်ရွှေ့ပြောင်းခံရခြင်း၏ အခြေခံအကြောင်းရင်းများကို ဖြေရှင်းရန် ပိုမိုကြီးမားသော ကြိုးပမ်းအားထုတ်မှုများ” လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

Ref: channelnewsasia.com
Photo: ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့u အင်ဒိုနီးရှားနိုင်ငံ၊ အနောက်အာချေးရေပြင်တွင် ကယ်ဆယ်ခံရခြင်းမပြု မီ တိမ်းမှောက်နေသော လှေတစ်စင်းပေါ်တွင် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ- Reuters/Hendri)
#ယနေ့ခေတ်

မြန်မာ့ကမ်းလွန်တွင် လှေနှစ်စင်း မတော်တဆမှုဖြစ်ပွား ၅၀၀ ကျော် သေဆုံးဖွယ်ရှိဟု ကုလသမဂ္ဂ ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.