ရန်ကုန်၊ ဩဂုတ် ၄
ဧရာဝတီတိုင်း၊ လေမျက်နှာမြို့၊ အိုင်သပြုကျေးရွာရေဘေးသို့ ထမင်းထုပ်များသွားရောက်လှူဒါန်းသည့်ကား တိမ်းမှောက်ကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၄ ရက်၊ နံနက်ပိုင်းက ရေကြီးရေလျှံဖြစ်ပေါ်နေသည့် လေမျက်နှာမြို့ အိုင်သပြုကျေးရွာသို့ ထမင်းထုပ်များသွားရောက်လှူဒါန်းမည့် ကံကုန်းကျေးရွာမှကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးလေးဦး ဒဏ်ရာရရှိကာ တစ်ဦးမှာစိုးရိမ်ရကြောင်း သိရသည်။
“သူတို့တွေက ဟင်္သာတ၊ အိုင်ဇောက်အုပ်စု၊ ကံကုန်းကျေးရွာကနေလာကြတာ။ အိုင်သပြုကျေးရွာကို ထမင်းထုပ်တွေလာဝေကြတာ။ ကားပေါ်မှာ ၁၆ ယောက်ပါတာ။ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးလေးယောက် ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေကတော့ ကောင်းပါတယ်။ ပွန်းတာပဲ့တာ လောက်ပဲရှိပါတယ်။” ဟု သက်တန့်ရောင်ပရဟိတအ သင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူများကို သက်တန့်ရောင်ပရဟိတအသင်းနှင့် ခမောက်စုလူမှုကူညီရေးအသင်းမှ ဟင်္သာတပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဩဂုတ်လ ၃ ရက်နေ့ကလည်း ရေကြီးရေလျှံဖြစ်ပေါ်နေသည့် လေးမျက်နှာမြို့တွင် ရေဘေးဒဏ်ခံစားနေရသည့် ဒေသခံများကိုသွားရောက်လှူဒါန်းသည့် စက်လှေတစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

“ရေတွေကတအားစီး တအားများနေတာဆိုတော့ စက်လှေကမှောက်တာ။ တော်သေးတာ လူတွေဘာမှမဖြစ်လို့။ လေးမျက်နာကို လာလှူတဲ့သူတွေလို့ပြောတယ်။ နီးစပ်တဲ့ပရဟိတအသင်းကတော့ သူတို့ကိုကယ်လိုက်နိုင်တယ်။ အလှူပစ္စည်းတွေလည်း ပြန်ရတယ်။ စက်လှေပေါ်မှာ သုံးလေးယောက်တော့ပါတယ်ပြောတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
စက်လှေတိမ်းမှောက်ရာတွင် ရေနစ်မြုပ်ခဲ့သည့် အလှူရှင်များကို H-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးများလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂ ရက်နေ့ကလည်း ရေကြီးရေလျှံဖြစ်ပေါ်နေ့သည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် ရေစီးနှင့်အတူမျောပါလာသည့် အမျိုးသား ၁၁ ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) နှင့် မဏီစလလူမှုကူညီရေးအဖွဲ့ဝင်များပူးပေါင်းကာ လိုက်လံရှာဖွေခဲ့ပြီး ကယ်ဆယ်ရေးများလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – သက်တန့်ရောင်ပရဟိတအသင်း၊ H-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)
ယနေ့ခေတ်
အိုင်သပြုကျေးရွာရေဘေးသို့ သွားရောက်လှူဒါန်းသည့်ကား တိမ်းမှောက် ခြောက်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်