ရန်ကုန်၊ ဩဂုတ် ၇
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် တောင်အချို့ပြိုကျပြီး၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ ကားလမ်းများပိတ်ဆို့နေကြောင်း သိရ သည်။
ဩဂုတ်လ ၄ ရက်နေ့မှစ၍ မိုးကုတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ် ကာ တောင်အချို့ပြိုကျပြီး၊ မြေပြိုခြင်းများဖြစ်ပေါ်ပြီး ကားလမ်းများပိတ်ဆို့ကာ အခက်အခက်များဖြစ်ပေါ်နေကြောင်း သိရသည်။
“ဒီကနေ့က ပိုဆိုးတယ်လို့ပြောရမယ်။ မိုးကုတ်လမ်းတော်တော်များများမှာ မြေတွေပြိုကျတာ။ ကားလမ်းတွေလည်းပိတ်တယ်။ လမ်းမှာတော့ ကုန်ကားနဲ့ ခရီးသည်ကားတွေပိတ်နေကြတယ်။ လမ်းပိုင်းတွေက စိုးရိမ်ရတဲ့အခြေအနေရှိတာကြောင့် ပိတ်ထားတာလို့သိရတယ်။ မိုးကြီးတော့ ပိုဆိုတာပေါ့နော်။ မိုးကလည်းရွာလာတာ ဒီနေ့ဆို ၄ ရက်လောက်ရှိမယ်။ ဟိုရက်ကလည်း မိုးကြီးလို့ နေအိမ်ပြိုတာတွေရှိတယ်။” ဟု မိုးကုတ်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုးသည်းထန်စွာရွာသွန်းနေသည့် မိုးကုတ် (အရှေ့ပိုင်း) ဟိုမိုင်းရေဦးအနီးတွင် မြေပြိုကျမှုများကြောင့် ရေပိုက်လိုင်းများပြတ်တောက်ကာ သောက်သုံးရေများ ပြတ်လတ်နေကြောင်း သိရသည်။

မန္တလေး-မိုးကုတ်ကားလမ်းမကြီးတွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကားများရာချီကာ ပိတ်ဆို့နေကာ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
“မနက် ၁၁ နာရီလောက်တော့ရှိမယ်။ စပြီးပိတ်တဲ့အချိန်က။ ဘယ်အချိန်ပြန်ဖွင့်နိုင်မလဲဆိုတာ မသိရသေးဘူး။ လမ်းတွေရှင်းတဲ့သူတွေကတော့ ရှင်းပေးနေပါတယ်။ မြေသားတွေက မိုးများတော့ ဆွေးမြေ့ပြီး ပြိုပြိုကျတာ များလာတာ။ တောင်ကုန်း၊ တောင်တန်းတွေများတဲ့အတွက် မြေသာတွေက ပြိုကျတာများတယ်။ ကားတွေကတော့ အိမ်စီးကားရော၊ ကုန်ကားရော၊ ကားကြီးကားသေးအစုံပဲ။” ဟု ကားသမားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့ရှိ တံငါချောင်းမကြီး၊ အမှတ်(၂၅/၁)နှင့်(၂၅/၆)ကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းမတွင် ရေကြီးရေလျှံဖြစ်ပေါ်နေကြောင်း သိရသည်။
ဩဂုတ်လ ၆ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ နယ်မြေ ၁၊ ၂၊ ၇ နှင့် နယ်မြေ ၈၊ မြို့မရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေဝင်နေသည့်အိမ်းများကို မိုးကုတ်မြို့မီးသတ်တပ်ဖွဲ့မှ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်ပေးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၅ ရက်၊ နံနက်ပိုင်းကလည်း မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျပ်ပြင်အနောက်ပိုင်း၊ ပန်းမပတ္တမြားသျှိုရပ်ကွက်နှင့် အောင်သစ်လွင်ရပ်ကွက်တွင် မြေထိန်းနံရံပြိုကျကာ လူနေအိမ်နှစ်လုံးပျက်စီးခဲ့ပြီး၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ တကောင်း၊ သပိတ်ကျင်း၊ မိုးကုတ်၊ မတ္တရာ၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည် စသည့်နေရာများတွင် နောက် ၂၄ ရီအတွင်း မိုးကြီးနိုင်မည်ဟု မိုး/ဇလ ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ စိုင်းခွန်အာကာမှ ယနေ့ညနေ ၄ နာရီက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ပါရမီအသင်း၊ MFSD နှင့် ဒေသခံ
ယနေ့ခေတ်
မိုးသည်းထန်းစွာ အဆက်မပြတ်ရွာသွန်းနေသည့် မိုးကုတ်မြို့တွင် တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်