သွေး(စစ်ကိုင်း)
ရာသီဥတုပြောင်းလဲမှုဆိုတဲ့ဖြစ်စဉ်ဟာ နိုင်ငံတိုင်းအတွက် ဖြေရှင်းရမယ့်ကိစ္စတစ်ရပ် ဖြစ်လာနေပါပြီ။ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေတဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ လူသားတွေရဲ့ ရှင်သန်မှုကိုပါ ခြိမ်းခြောက်လာနေပြီမို့ ပေါ့ပေါ့ဆဆ သဘောထားလို့ မဖြစ်နိုင်ပါဘူး။ ဝမ်းနည်းစရာကောင်းတာက လူသားတွေရဲ့ ပယောဂကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှု ပိုမြင့်တက်နေတယ်ဆိုတဲ့ အချက်ပါပဲ။
စက်မှုလုပ်ငန်းတွေ တိုးတက်ထွန်းကားလာတာနဲ့အမျှ ရုပ်ကြွင်းလောင်စာသုံးစွဲမှု သိသိသာသာတိုးလာခဲ့ပါတယ်။ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့လို ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကနေ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုများလာစေပြီး ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်လာစေပါတယ်။ နေ့စဉ်နဲ့အမျှ လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ မောင်းနှင်နေတဲ့ကား၊ မော်တော်ဆိုင်ကယ်တွေဟာ ရုပ်ကြွင်းလောင်စာတွေကိုအသုံးပြု လည်ပတ်မောင်းနှင်နေရတာပါ။ ဒါ့အပြင် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ လည်ပတ်နေဆဲဖြစ်တာကြောင့် လေထုညစ်ညမ်းစေရုံသာမက ကာဗွန်ထုတ်လွှတ်မှု အများဆုံးလည်းဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေက ကြိုးစားနေကြပေမဲ့ အခုထက်ထိ အောင်မြင်မှုမရသေးပါဘူး။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ စက်သုံးဆီကို အသုံး ပြုနေရဆဲဖြစ်သလို ကာဗွန်ထုတ်လွှတ်မှုလျော့ကျအောင် အပြည့်အဝ မလုပ်ဆောင်နိုင်သေးပါဘူး။ ပိုဆိုးတာက ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ လုပ်ဆောင်မုကြောင့် ဆင်းရဲတဲ့နိုင်ငံတွေဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ပိုခံစားလာရတဲ့အချက်ပါပဲ။
ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်သလို အာဖရိကတိုက်က နိုင်ငံတွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ မိုးခေါင်ရေရှားမှုဒဏ် ခံစားနေရပါပြီး အစား အစာမလုံလောက်မှု၊ အဟာရပြည့်ပြည့်ဝဝ မစားသုံးနိုင်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် အခု ၂၀၂၆ ခုနှစ်အတွင်းမှာ တွေ့ကြုံရနိုင်ခြေများတဲ့ အယ်လ်နီညို ရာသီဥတုဖြစ် စဉ်ကြောင့် လူသန်းပေါင်းများစွာဟာ ဆာလောင်မှုဒဏ် ခံစားနေရတာပါ။ Horn of Africa လို့ခေါ်ကြတဲ့ အာဖရိကဦးချိုဒေသမှာပါဝင်တဲ့ ကင်ညာနဲ့ ဆိုမားလီးယားနိုင်ငံတွေမှာဆိုရင် နှစ်ပေါင်း (၄၀) အတွင်း အဆိုးဆုံးမိုးခေါင်မှုနဲ့ ကြုံတွေ့နေရပါတယ်။ အာဖရိကတောင်ပိုင်းဒေသနိုင်ငံတွေဖြစ်ကြတဲ့ ဇင်ဘာဘွေ၊ မာလာဝီ၊ ဇမ်ဘီယာနိုင်ငံတွေမှာတော့ သီးနှံထွက်ရှိမှုနှုန်း လျော့ကျမှုနဲ့ ရင်ဆိုင်နေရပါတယ်။
ကမ္ဘာပေါ်မှာ ကာဘွန်အများဆုံးထုတ်လွှတ်တဲ့နိုင်ငံတွေထဲမှာ အာဖရိကတိုက်ကနိုင်ငံတွေ မပါဝင်ပေမဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ဆိုးကျိုးတွေ ခံစားနေရတာက မညီမျှဘူးလို့ ဆိုရမှာပါ။ အမေရိက်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံနဲ့ ဂျပန်နိုင်ငံတွေဟာ ကာဘွန်ထုတ်လွှတ်မှု အများဆုံးနိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။ တချို့သူတွေအတွက် ရေဘုံဘိုင်ခေါင်းဖွင့်လိုက်တာနဲ့ ရေကိုအလွယ်တကူသုံးစွဲနိုင်ပေမဲ့ အာဖရိကတိုက်လို နေရာတွေမှာတော့ မိသားစုတစ်ခုအတွက် ရေလုံလုံလောက်လောက်မရနိုင်တဲ့အခြေအနေ ဖြစ်နေတာပါ။
မိုးခေါင်ရေရှားလို့ သီးနှံအထွက်နှုန်းလျော့ကျမယ်ဆိုရင် စားနပ်ရိက္ခာပိုမိုရှားပါးလာပြီး ကုန်ဈေးနှုန်းပိုကြီးမြင့်သွားမှာပါ။ ဒါ့အပြင် မြစ်တွေ၊ ချောင်းတွေ ရေခန်းခြောက်တဲ့အတွက် ရေနေသတ္တဝါတွေရှားပါးမှု၊ တောရိုင်းတိရိစ္ဆာန် ကောင်ရေလျော့နည်းမှုတွေလည်း ဖြစ်ပေါ်လာမှာပါ။ မိုးခေါင်ရေရှားမှုဟာ လူသားတွေရဲ့ကျန်းမာရေးအပေါ် လည်း ဆိုးကျိုးတွေ သက်ရောက်နိုင်တာ မမေ့သင့်ပါဘူး။ မသန့်ရှင်းတဲ့ သောက်သုံးရေတွေကို သောက်သုံးမိရင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အသည်းရောင်အသားဝါရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ အပူချိန်မြင့်မားလာတဲ့အတွက် မောပန်းလွယ်ပြီး ရေဓာတ်ခန်းခြောက်မှုကိုပါ ခံစားရနိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ ကမ္ဘာပေါ်က လူသားလေးယောက်မှာ တစ်ယောက်ဟာ သောက်သုံးရေ လုံလုံလောက်လောက်မရရှိမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ သတ္တုတူးဖော်မှုတွေ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကြောင့် ရေအရင်းအမြစ်တွေဆုံးရှုံးရသလို ရာသီဥတုဖောက် ပြန်မှုတွေပိုဖြစ်အောင် တွန်းအားပေးနေတာပါ။ အာဖရိကတိုက်က ဆာဟာရတောင်ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ လူဦးရေရဲ့ ၂၄ ရာခိုင်နှုန်းနီးပါးသာ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိပါတယ်။ မိုးခေါင်ရေရှားမှုဟာ အာဖရိကတိုက်ကိုသာမက လက်ရှိအချိန်မှာ စက်မှုထွန်းကားတဲ့ ဥရောပတိုက်ကိုပါ ခြိမ်းခြောက်လာနေပြီလည်း ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ဥရောပတိုက်တဝှမ်းမှာ စံချိန်တင် ပူပြင်းမှုဒဏ်ခံစားခဲ့ရပြီး လူ့အသက် သောင်းဂဏန်းထိ ဆုံးရှုံးခဲ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဥရောပတိုက်ဟာ နှစ်ပေါင်း ၅၀၀ အတွင်း ပြင်းထန်ဆိုးရွားတဲ့ မိုးခေါင်ရေရှားမှုဒဏ် ရင်ဆိုင်နေရသလို ဥရောပတိုက်ရဲ့ အရေးပါတဲ့မြစ်ကြီးတွေဖြစ်တဲ့ ရိုင်းမြစ် (Rhine) နဲ့ ဒန်းညု မြစ် (Danube) တို့ဟာ ရေမျက်နှာပြင်နိမ့်ကျမှုနဲ့ တွေ့ကြုံနေရတာပါ။ အဲဒီအတွက်ကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုလည်း လျော့ကျလာနေသလို သီးနှံအထွက်နှုန်းပါ လျော့နည်းလာနေပါတယ်။
မကြုံစဖူး ထူးကဲတဲ့ နေ့အပူချိန်မြင့်တက်လာမှုနဲ့အတူ ပြင်သစ်၊ စပိန်၊ ဂျာမနီ အပါအဝင် ဥရောပနိုင်ငံတွေမှာ လူပေါင်းသောင်းချီ သေဆုံးခဲ့ရပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လလယ်ပိုင်းအထိ ဂျာမနီနိုင်ငံမှာ သေဆုံးသူ ၉၀၀၀ ကျော်၊ ပြင်သစ်နိုင်ငံမှာ သေဆုံးသူ အနည်ဆုံး ၅၀၀၀ ကျော်၊ ပြင်သစ်နိုင်ငံမှာ သေဆုံးသူ အနည်းဆုံး ၅၀၀၀ ကျော်၊ စပိန်နိုင်ငံမှာ အနည်း ဆုံး ၁၀၀၀ ကျော်ထိ ရှိခဲ့ပါတယ်။ ဘာကြောင့်သေဆုံးမှုနှုန်း များရသလဲဆိုရင် ဥရောပမှာ အပူချိန်ဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်သတ်မှတ်ချက်ထက် ပိုမိုပူပြင်းလာနေလို့ပဲ ဖြစ်ပါတယ်။
တစ်ဖက်ကလည်း ပူပြင်းခြောက်သွေ့မှုတွေကြောင့် ဥရောပတလွှားမှာ တောမီးလောင်ကျွမ်းမှုတွေ ပိုမိုပြင်းထန်လာနေတာပါ။ အဆိုးဝါးဆုံး တောမီးလောင်ကျွမ်းခဲ့တဲ့နိုင်ငံတွေကတော့ ဂရိနိုင်ငံ၊ ပြင်သစ်နိုင်ငံနဲ့ စပိန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ အခုလိုအခြေအနေထိ တောမီးလောင်ကျွမ်းရတာက ရာသီဥတုပြောင်းလဲမှု၊ အပူလှိုင်းဖြစ်ပေါ်ချိန် ကြာမြင့်မှုတွေကြောင့်လို့ ဆိုရမှာပါ။ ရုပ်ကြွင်းလောင်စာအသုံးပြုမှု မလျှော့ချနိုင်သေးသရွေ့၊ ကာဘွန်ထုတ်လွှတ်မှု မလျှော့ချနိုင်သေးသရွေ့ ရာသီဥတုပြောင်းလဲမှုကလည်း ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုတာကို ဥရောပတိုက်ရဲ့ဖြစ်စဉ်တွေက သက်သေပြနေပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံအပါအဝင် အာရှတိုက်က နိုင်ငံတွေဟာလည်း ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို လက်ရှိအချိန်မှာ ကြုံတွေ့ခံစားနေရတာပါ။ ချမ်းသာတဲ့နိုင်ငံတွေမှာ သဘာတဘေးအန္တရာယ်တစ်ခုခု ကျရောက်လာရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်က မြန်ဆန်ထိရောက်ပေမဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ပြောသလောက် မလွယ်ကူပါဘူး။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လနဲ့ ဩဂုတ်လတွေဟာ မိုးများတဲ့လတွေဖြစ်သလို မုတ်သုန်မိုးရွာသွန်းမှု၊ မုန်တိုင်းတွေ တိုက်ခတ်မှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေနဲ့ တွေ့ကြုံနေရပါတယ်။
အထူးသဖြင့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှာ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရပြီး လူသေဆုံးမှုတွေလည်း ရှိနေတာပါ။ မြန်မာနိုင်ငံမှာလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရေကြီးခဲ့ရသလို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာလည်း တာကျိုးတဲ့အတွက် ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်နေတာပါ။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ရာသီဥတုပြောင်းလဲမှုကို ကိုယ်နဲ့မဆိုင်ဘူးလို့ လုံးဝသဘောထားလို့ မရပါဘူး။
ပြန်ပြည့်မြဲစွမ်းအင်တွေဖြစ်တဲ့ ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်တွေ ပိုအသုံးပြုသင့်သလို သစ်ပင်တွေ ပိုမိုစိုက်ပျိုးဖို့ ကြိုးစားသွားရမှာပါ။ ရေအရင်းအမြစ်တွေကို ချွေတာသုံးစွဲသင့်သလို သဘာဝဘေးအန္တရာယ်တစ်ခုခုနဲ့ တွေ့ကြုံရရင် ဘေးကင်းလုံခြုံအောင် နေထိုင်ဖို့အတွက်ပါ စဉ်းစားလုပ်ဆောင်သွားရမှာပါ။ မိုးလေဝသနဲ့ပတ်သက်တဲ့ သတင်းတွေကို အမြဲနားစွင့်သင့်သလို တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ တတ်နိုင်သရွေ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပါဝင်လုပ်ဆောင်သွားသင့်ပြီလည်း ဖြစ်ပါတယ်။
သွေး(စစ်ကိုင်း)
ဓာတ်ပုံ – စပိန်နိုင်ငံတွင်တောမီးလောင်ကျွမ်းနေစဉ် (Aljazeera)
ယနေ့ခေတ်
ရာသီဥတုပြောင်းလဲမှုရဲ့ အချက်ပေးခေါင်းလောင်းသံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်