သွေး(စစ်ကိုင်း)
ကမ္ဘာတစ်ဝှမ်းမှာ အပူချိန်တွေစံချိန်တင်မြင့်တက်ပြီး ၂၀၂၆ ခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပညာရှင်တွေကသတိပေးထားပါတယ်။ တကယ်လို့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သာ သက်ရောက်ခဲ့မယ်ဆိုရင် အာရှတိုက်အပါအဝင် မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးတွေ ထိခိုက်နိုင်သလို စားနပ်ရိက္ခာ မဖူလုံမှုတွေနဲ့ပါ တွေ့ ကြုံရနိုင်တာ မမေ့သင့်ပါဘူး။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဆိုတာ ဘာလဲဆိုတာ အရင်ဆုံးလေ့လာရအောင်ပါ။ အယ်လ်နီညို (El Niño) ဆိုတာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေဟာ ပင်လယ်ရေ မျက်နှာပြင်အပူချိန်တွေ သိသိသာသာမြင့်တက်လာတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အခြေအနေတွေမှာဆိုရင် အီကွေတာအနီးမှာတိုက်ခတ်တဲ့ ကုန်သည်လေဟာ အရှေ့ဘက်ကနေ အနောက်ဘက်ကို တိုက်ခတ်နေတဲ့အတွက် သမုဒ္ဒရာရေပြင်က နွေးတဲ့ရေတွေဟာ အာရှတိုက်နဲ့ ဩစတြေးလျတိုက်အထိကို တွန်းပို့ခံရပါတယ်။ ဒါပေမဲ့ နွေးတဲ့ရေတွေဟာ ကုန်သည်လေအားနည်းသွားတဲ့အခါမျိုးမှာ အာရှတိုက်အထိရောက်ရှိနေတဲ့ ပင်လယ်ရေတွေဟာ အရှေ့ဘက်အထိကို ပြန်ပြီးရွေ့လျားစီးဆင်းသွားပါတယ်။ အဲဒီလို ရေနွေးတွေ ရွေ့ လျားသွားတဲ့အတွက်ကြောင့် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အီကွေတာအနီးမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေမြင့်တက်ပြီး အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုတွေနဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်က ဆက်စပ်နေပါတယ်။ သစ်တောပြုန်းတီးမှု၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးက်ရုံတွေ လည် ပတ်မှု၊ ရုပ်ကြွင်းလောင်စာ အလွန်အကျွံသုံးစွဲမှုတွေကြောင့် ကမ္ဘာကြီးပူနွေးလာရတာပါ။ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကို ၂ ဒီဂရီစင်တီဂရိတ်မှာ ကန့်သတ်ထားဖို့ ကမ္ဘာ့နိုင်ငံတွေက ကြိုးစားနေကြပေမဲ့ အောင်မြင်မှုမရသေးပါဘူး။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေဖြစ်ကြတဲ့ နေစွမ်းအင်၊ လေစွမ်းအင်၊ ရေအားလျှပ်စစ်စွမ်းအင်တွေကို ပိုအသုံးပြုနိုင်မှသာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချနိုင်မှာလည်း ဖြစ်ပါတယ်။
ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတို့လို ရုပ်ကြွင်းလောင်စာတွေသုံးလို့ ဖြစ်ပေါ်လာရတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဟာ ကမ္ဘာကြီးပူနွေးမှုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ သိပ်မကြာခင်ကပဲ တရုတ်နိုင်ငံမှာ ကျောက်မီးသွေးမိုင်းတစ်ခု ပေါက်ကွဲခဲ့တဲ့အတွက် လူ ၉၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီးပူနွေးမှုတို့နဲ့ ဆက်စပ်နေတဲ့ဖြစ်စဉ်တွေကြောင့် မိုးခေါင်မှု၊ မိုးကြီးမှု၊ တောမီးလောင်ကျွမ်းမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ အပူလှိုင်းဖြတ်မှုတွေ ကမ္ဘာတစ်ဝှမ်းမှာ ပိုများလာနေတာပါ။
အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအတိုင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို မတားဆီးနိုင်ခဲ့ဘူးဆိုရင် လာမယ့် ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ သန်းငါးထောင်အနေနဲ့ သဘာဝ ဘေးဆိုးတွေကို ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်မှာပဲ အာရှ၊ အာဖရိကတိုက်မှာလည်း မိုးခေါင်ရေရှားမှုဒဏ်ကို ခံနေရတာပါ။ ရာသီဥတုပြောင်းလဲမှုကြောင့် နေရပ်စွန့်ခွာနေထိုင်နေရတဲ့ ရာသီဥတုဒုက္ခသည် (Climate Refugee) တွေ သန်းချီရှိလာနေပါတယ်။ ဒါကြောင့် အခုနှစ်အတွင်းကြုံလာရနိုင်ခြေရှိတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ရဲ့ သက်ရောက်နိုင်ခြေတွေကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။
၂၀၂၃ ခုနှစ်၊ ဇွန်လတုန်းက ဖြစ်ပေါ်ခဲ့ဖူးတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်၊ မေလဝန်းကျင်အထိ ကြာမြင့်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာရော၊ အာရှနိုင်ငံတွေမှာပါ စံချိန်တင်ပူပြင်းတဲ့ဒဏ်ကို ခံခဲ့ရတာ မှတ်မိကြပါလိမ့်မယ်။ အဲဒီဒေသတွေမှာ နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိခဲ့လို့ Heat Stroke လို့ခေါ်တဲ့ အပူလျှပ်ခြင်းအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Heat Stroke ကြောင့် လူ့အသက်ဆုံးရှုံးမှုတွေလည်းရှိခဲ့သလို သောက်သုံးရေရှားပါးမှု၊ ရေအရင်းအမြစ်လျော့ပါးလာမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
လူအများစုက မြေအောက်ရေ၊ ရေတွင်း၊ ရေကန်၊ မြစ်တွေ ချောင်းတွေကရေတွေကို စနစ်တကျသုံးစွဲမှုမှာ အားနည်းနေပါသေးတယ်။ ဒါပေမဲ့ တကယ်ရေရှားပါးမှုနဲ့ တွေ့ကြုံရတဲ့အခါ ရေတစ်ပုံးစာရဖို့အတွက်တောင် ဝေးလံတဲ့နေရာအထိသွားပြီး ရေခပ်ရတာတွေရှိပါတယ်။ မြန်မာနိုင်ငံဟာ ရေချိုရရှိတဲ့မြစ်တွေ ပိုင်ဆိုင်ထားပေမဲ့ မြစ်တွေရဲ့ အရည်အသွေးကျဆင်းမှု၊ မြစ်ရေညစ်ညမ်းမှုတွေလည်း ဖြစ်ပေါ်နေရပါတယ်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ မိုးခေါင်ရေရှားမှုကို ဖြစ်စေသလို တစ်ဖက်ကလည်း မိုးရွာသွန်းမှု မူမမှန်တာတွေကိုပါ ဖြစ်စေနိုင်တာမို့ ရေကို စနစ်တကျသုံးစွဲဖို့ လိုအပ်နေပါတယ်။ ယနေ့ခေတ်သတင်းဌာနမှာ ဖော်ပြထားချက်အရ ၂၀၂၆ ခုနှစ် နွေရာသီအထိ အိန္ဒိယတောင်ပိုင်းမှာ အပူဒဏ်ကြောင့် အနည်းဆုံး လူ ၁၆ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲသက်ရောက်မှုအနေနဲ့ အပူလှိုင်းတွေဟာ ယခင်ကာလတွေထက် ပိုမိုပြင်းထန်လာနေတာပါ။ အိန္ဒိယနိုင်ငံတဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု တတိယအများဆုံးနိုင်ငံလည်းဖြစ်တာကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စေအောင် တွန်းအားပေးသလို ဖြစ်နေပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံလို စိုက်ပျိုးရေးကို မှီခိုနေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ စိုက်ပျိုးရေ လုံလုံလောက်လောက်ရရှိဖို့ တောင်သူလယ်သမားတွေအတွက် အထူးအရေးကြီးပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ကိုသာ သက်ရောက်လာခဲ့မယ်ဆိုရင် စိုက်ပျိုးရေးအတွက် မိုးရေမလုံလောက်တာ ဒါမှမဟုတ် မိုးများလို့ သီးနှံတွေပျက်စီးဆုံးရှုံးရတာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တ ကယ်လို့ အယ်လ်နီညိုဖြစ်စဉ်ဟာ ကမ္ဘာ့အနှံ့မှာ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ဒီဖြစ်စဉ်ဟာ အားအကောင်းဆုံးဖြစ်စဉ် ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ တစ်ကြိမ်ပေါ်ပေါက်လာရင် အနည်းဆုံး ၉ လကနေ ၁၂ လ (တစ်နှစ်) အထိ ကြာမြင့်နိုင်လို့ပါပဲ။ ရာသီဥတုပြောင်းလဲမှုကြောင့် ပစိဖိတ်သမုဒ္ဒရာက ရေရဲ့အပူချိန်ဟာ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုမိုပူနွေးလာမယ်ဆိုရင် “စူပါ အယ်လ်နီညို” လို့ သတ်မှတ်နိုင်ပါတယ်။ တချို့သော မိုးလေ ဝသပညာရှင်တွေက ရှေ့လာမယ့်လတွေမှာ အဲဒီအပူချိန်ထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ၁၉၉၇-၉၈၊ ၁၉၈၂-၈၃၊ ၁၉၇၂-၇၃ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်တွေထက် ပိုပြင်းထန်နိုင်တာက ရာသီဥတုပြောင်းလဲမှုကြောင့်လို့ ဆိုနိုင်ပါတယ်။
၁၉၈၂-၈၃ ဖြစ်စဉ်ကြောင့် ကမ္ဘာတဝှမ်းမှာ စီးပွားရေးအရဆုံးရှုံးမှု ၄.၁ ထရီလီယံရှိခဲ့ကြောင်း အယ်ဂျာဇီးယားသတင်းဌာနမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ဒါကြောင့် မိုးခေါင်ရေရှားမှု၊ မိုးရွာသွန်းမှု ပုံမမှန်မှုတွေ ဖြစ်နိုင်တာကို သတိပြုပြီး မိုးကြိုကာလမှာရွာသွန်းတဲ့ မိုးရေတွေကို သိုလှောင်ထားရင် အကောင်းဆုံးပါပဲ။ လာမယ့် ဇွန်လကစပြီး အယ်လ်နီညိုဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေမှာ မိုးရွာသွန်းမှု လျော့နည်းနိုင်တဲ့ဒေသတွေမှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေ ပါဝင်နေပါတယ်။ စူပါ အယ်လ်နီညိုအ ဆင့်အထိ ဖြစ်ပေါ် နိုင်ခြေကလည်း ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် သက်ရောက်မှုတွေ တွေ့ကြုံရနိုင်တဲ့အတွက် ရေကိုစနစ်တကျ သုံးစွဲခြင်း၊ မိုးဦးကာလရွာသွန်းတဲ့ မိုးရေကို စုဆောင်းခြင်း၊ ကျန်း မာရေးမထိခိုက်အောင်နဲ့ ရေဓာတ်ခန်းခြောက်မှုမရှိအောင် ရေများများသောက်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ သီးနှံတွေ စိုက်ပျိုးခြင်း အစရှိတာတွေ ပြင်ဆင် လုပ်ဆောင်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။
သွေး(စစ်ကိုင်း)
Photo: travelandtourworld.com (image generate with AI)
ယနေ့ခေတ်
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အတွက် ဘာတွေပြင်ဆင် လုပ်ဆောင်သင့်သလဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်