ထရမ့်က အသရေဖျက်မှုအမှုတွင် ၎င်း၏မိသားစုထံမှ မှတ်တမ်းများရယူရေး BBC ၏ကြိုးပမ်းမှုကို ပယ်ချရန် တရားရုံးကို တိုက်တွန်း

ဝါရှင်တန်၊ ဩဂုတ် ၂၃

ဗြိတိသျှရုပ်သံကုမ္ပဏီကို အသရေဖျက်မှုဖြင့် ဒေါ်လာ ၁၀ ဘီလီယံ လျော်ကြေးရယူလိုကြောင်း တရားစွဲဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် မိသားစုဝင်သုံးဦးထံမှ ထွက်ဆိုချက်နှင့် စာ ရွက်စာတမ်းများရယူရေးအတွက် တရားရုံးထံ BBC ၏ တောင်းဆိုမှုကို ပယ်ချပေးရန် သမ္မတဒေါ်နယ်ထရမ့်က ဖက်ဒရယ်တရားသူကြီးတစ်ဦးကို တိုက်တွန်းခဲ့သည်။

BBC သည် သမီး အီဗန်ကာထရမ့်၊ သားမက် ဂျရက်ကူးရှ်နာနှင့် သား ဒေါ်နယ်ထရမ့်ဂျူနီယာတို့ကို ဆင့်ခေါ်စာများပေးပို့ခြင်းဖြင့် ထရမ့်အပေါ် “နိုင်ငံရေးအရ တွန်းအားပေးသည့် သြဇာလွှမ်းမိုးမှု” ရရှိရန်ကြိုးစားနေကြောင်း ရီပတ်ဘလီကန်သမ္မတ၏ ကိုယ်ရေးကိုယ်တာရှေ့နေများက သောကြာနေ့က တရားရုံးတွင်လျှောက်လဲခဲ့ကြသည်။

မိုင်ယာမီရှိ အမေရိကန်ခရိုင်တရားသူကြီး ဂျက်ဖရီကွန်ဇ်သည် အငြင်းပွားမှုကို ချက်ချင်းဆုံးဖြတ်ခြင်းမပြုခဲ့ပါ။

ထရမ့်က တရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့သော ကွန်ဇ်သည် လွန်ခဲ့သောတစ်ပတ်မပြည့်မီက အခြားတရားသူကြီးတစ်ဦးထံမှ သမ္မတ၏တရားစွဲဆိုမှုကို လွှဲပြောင်းရယူခဲ့သည်။ တရားရုံးတွင် အမှုကိုလွှဲပြောင်းပေးအပ်ရခြင်း၏ အကြောင်းရင်းကို ချက်ချင်းဖော်ပြခြင်းမရှိပါ။ ယခင်တရားသူကြီးက ဖေဖော်ဝါရီလတွင် ရုံးတင်စစ်ဆေးမည့်ရက်ကို သတ်မှတ်ခဲ့သည်။

BBC အတွက် လုပ်ဆောင်ပေးနေသည့် တရားရုံးဆင့်စာပေးပို့သူတစ်ဦးသည် ပြီးခဲ့သည့်မေလအတွင်းက အီဗန်ကာထရမ့်နှင့် ကူးရှ်နာတို့၏နေအိမ်တွင် ၎င်းတို့ထံ တရားရုံးဆင့်ခေါ်စာများ သွားရောက်ပေးအပ်ရန် ကြိုးပမ်းခဲ့သော်လည်း၊ ယင်းစာများကိုလက်ခံရန် လုပ်ပိုင်ခွင့်အာဏာမရှိကြောင်းပြောဆိုသည့် လျှို့ ဝှက်ထောက်လှမ်းရေး အေးဂျင့်များနှင့် ကြုံတွေ့ ခဲ့ရသည်ဟု သမ္မတ၏ရှေ့နေများက ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါဆင့်ခေါ်စာပေးပို့သူသည် ဒေါ်နယ်ထရမ့်ဂျူနီယာထံ ဆင့်ခေါ်စာပေးအပ်ရန် ရက်အနည်းငယ်အကြာတွင် နယူးယောက်ရှိ ထရမ့်တာဝါသို့ သွားရောက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ပြီးခဲ့သည့်အပတ်က တရားရုံးတွင် တင်သွင်းခဲ့သော တင်သွင်းမှုတစ်ခုတွင် ရုပ်သံလွှင့်ဌာနသည် ထရမ့်၏မိသားစုဝင်များအပေါ် လူကိုယ်တိုင်မဟုတ်ဘဲ အသိအမှတ်ပြုစာတိုက်မှတစ်ဆင့် ဆင့်ခေါ်စာများပေးပို့ရန် တရားရုံး၏ခွင့်ပြုချက်ကို တောင်းဆိုခဲ့သည်။

ဒီဇင်ဘာလက တင်သွင်းခဲ့သော ထရမ့်၏တရားစွဲဆိုမှုတွင် ၂၀၂၁ ခုနှစ် ဇန်နဝါ ရီလ ၆ ရက်နေ့က အိမ်ဖြူတော်အနီးတွင် ၎င်းကိုထောက်ခံသူလူအုပ်ကြီးက ဂျိုးဘိုင်ဒန်၏အောင်ပွဲကို ကွန်ဂရက်လွှတ်တော်၏ အတည်ပြုခြင်းမှ ရပ်တန့်ရန် လွှတ်တော်ကိုတိုက်ခိုက်ခဲ့စဉ်က BBC သည် ထရမ့်မိန့်ခွန်း၏ အစိတ်အပိုင်းများကို တည်းဖြတ်ထုတ်လွှင့်ခဲ့သည်ဟု စွပ်စွဲထားသည်။ တရားစွဲဆိုမှုတွင် BBC သည် ထရမ့်မိန့်ခွန်း၏ သီးခြားအစိတ်အပိုင်းများကို ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာဖော်ပြရန် တည်းဖြတ်ပေါင်းစပ်ခဲ့သည်ဟု စွပ်စွဲထားသည်။

အဆိုပါတရားစွဲဆိုချက်တွင် BBC သည် ဒေါ်နယ်ထရမ့်ကို ထိခိုက်နစ်နာစေရန်နှင့် ရွေးကောက်ပွဲရလဒ်အပေါ် “ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်လွှမ်းမိုးရန် ကြိုးပမ်းမှု” အဖြစ် ၎င်းတို့၏ သတင်းရုပ်သံမှတ်တမ်းကို ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုတွင် ထုတ်လွှင့်ခဲ့သည်ဟု စွပ်စွဲထားသည်။

“BBC ၏တောင်းဆိုချက်က မျှော်လင့်ထားသည့် သက်သာခွင့်သည် ယခုအမှု၏ အခြေခံဖြစ်သော နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အချက်အလက်ရှာဖွေဖော်ထုတ်သည့် လုပ်ငန်းစဉ်နှင့် သီးခြားခွဲထုတ်၍မရနိုင်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည်လည်း အကျုံးဝင်မှု လွန်စွာကျယ်ပြန့်လွန်းပြီး မသင့်လျော်ကြောင်း ဤတရားရုံးက ဆုံးဖြတ်ပြီးဖြစ်သည်” ဟု ထရမ့်၏ ရှေ့နေများက ရေးသားခဲ့သည်။

Ref: apnews.com
ယနေ့ခေတ်

ထရမ့်က အသရေဖျက်မှုအမှုတွင် ၎င်း၏မိသားစုထံမှ မှတ်တမ်းများရယူရေး BBC ၏ကြိုးပမ်းမှုကို ပယ်ချရန် တရားရုံးကို တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.