ဘန်ကောက်၊ ဩဂုတ် ၂၄
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုံးခွဲမှုများ၊ ပစ်ခတ်မှုများနှင့် မီးရှို့မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် မလေးရှားနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းသို့ မလိုအပ်ပါက ခရီးစဉ်များကို ရွှေ့ဆိုင်းရန် မလေးရှားရဲတပ်ဖွဲ့မှ လေးလေးနက်နက်အကြံပြုထားသည်။
မလေးရှားနိုင်ငံသားများအား အခြေအနေကို သတိထားရန်နှင့် တောင်ပိုင်းထိုင်းဒေသရှိ အခြေအနေတည်ငြိမ်သည်အထိ မလိုအပ်သောခရီးစဉ်အားလုံးကို ရွှေ့ ဆိုင်းရန် ကီလန်တန် ပြည်နယ်ရဲတပ်ဖွဲ့မှူး မိုဟာမက် ယူဆွတ် မာမတ်က တနင်္ဂနွေနေ့တွင် အကြံပြုထားကြောင်း Bernama သတင်းဌာနက ဖော်ပြသည်။
စနေနေ့ညက ယာလာ၊ ပတ်တာနီနှင့် နာရတ်သီဝတ်တို့တွင် တိုက်ခိုက်မှုများအပြီး အဆိုပါအကြံပြုချက် ထွက်ပေါ် လာခြင်းဖြစ်သည်။ ကီလန်တန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော နာရတ်သီဝတ်သည် အကြမ်းဖက်မှု ၂၂ ကြိမ်ဖြင့် အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး ယာလာတွင် ၁၈ ကြိမ်နှင့် ပတ်တာနီတွင် ၁၁ ကြိမ်ဖြစ်ပွားခဲ့သည်။
တိုက်ခိုက်မှုများတွင် မလေးရှားနိုင်ငံသားတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း မလေးရှားသည် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံတောင်ပိုင်းသို့ ခရီးသွားလာမှုသတိပေးချက် မထုတ်ပြန်ရသေးပါ။ သို့သော်လည်း မလေးရှားနိုင်ငံသားများအနေဖြင့် “ပိုမိုသတိထားရန်၊ သတိရှိရန်၊ ဒေသန္တရအာဏာပိုင်များက ပြဋ္ဌာန်းထားသော ဘေးကင်းရေးဆိုင်ရာ အကြံပြုချက်များ၊ ညမထွက်ရအမိန့်များနှင့် လုံခြုံရေးညွှန်ကြားချက်များအားလုံးကို တင်းကြပ်စွာလိုက်နာရန် အထူးအကြံ ပြုထားသည်” ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း မလေးရှားသတင်းဌာနက ဖော်ပြသည်။
Ref: bangkokpost.com
ယနေ့ခေတ်
မလေးရှားနိုင်ငံသားများအား ထိုင်းနိုင်ငံတောင်ပိုင်းသို့ မလိုအပ်ပါက မသွားရန် မလေးရှားရဲတပ်ဖွဲ့ အကြံပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်