ဘစ်ရှ်ကက်၊ ဩဂုတ် ၂၉
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တနင်္လာနေ့တွင် ဗဟိုအာရှရှိ ကာဂျစ္စတန်၌ နှစ်ရက်ကြာပြုလုပ်မည့် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု မျှော်လင့်ရပြီး အနောက်နိုင်ငံများအပေါ် တန်ပြန်သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေသော ဒေသတွင်းအုပ်စုမှ အီရန်နှင့် အိန္ဒိယခေါင်းဆောင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် နိုင်ငံ့ခေါင်းဆောင် တစ်ဒါဇင်ခန့်သည် ကာဂျစ္စတန်မြို့တော် ဘစ်ရှ်ကက်သို့ သွားရောက်ကြမည်ဖြစ်သည်။
ဤအဖွဲ့တွင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ဗဟိုအာရှနိုင်ငံလေးနိုင်ငံနှင့် မော်စကိုမဟာမိတ် ဘီလာရုစ်တို့ဖြင့် စုစည်းထားသည်။
ပူတင်နှင့် ရှီတို့သည် ၎င်းတို့၏ ဝင်ရိုးစုံကမ္ဘာမျှော်မှန်းချက်ကို မြှင့်တင်ရန်နှင့် အနောက်အုပ်စုကို ဆန့်ကျင်သည့် ညီညွတ်သောတပ်ဦးတစ်ခုကို ပြသရန်အတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးများကို ယခင်က အသုံးချခဲ့ကြသည်။
ယခုအစည်းအဝေးသည် မော်စကို၏ ယူကရိန်းကျူးကျော်စစ် ၄ နှစ်ခွဲအကြာနှင့် ဝါရှင်တန်နှင့် တဟီရန်တို့အကြား ဖြစ်ပွားနေသောစစ်ပွဲ ၆ လအကြာတွင် ကျင်းပခြင်းဖြစ်သည်။ အီရန်နိုင်ငံကို သမ္မတ မာဆု ပီဇက်ရှ်ကီယန်က ကိုယ်စားပြုတက်ရောက်မည်ဖြစ်သည်။
ပူတင်၊ ရှီ၊ ပီဇက်ရှ်ကီယန်အပြင် အိန္ဒိယ၏ နာရန်ဒရာ မိုဒီနှင့် ပါကစ္စတန်၏ ရှက်ဘတ်ဇ်ရှရစ်ဖ်တို့သည် ကာဂျစ္စတန်ခေါင်းဆောင် ဆာဒါယာ ဂျာပါရော့ဗ် ဦးဆောင်သည့် မျက်နှာစုံညီအစည်းအဝေးတွင်ပါဝင်ရန် စီစဉ်ထားသည်။
ပူတင်သည် အီရန်၏ ပီဇက်ရှ်ကီယန်နှင့် တရုတ်၏ ရှီအပါအဝင် အခြားခေါင်းဆောင်များနှင့် သီးခြားစီ နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပရန် ခန့်မှန်းရကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ယူရီ ယူရှာကော့ဗ်က ပြောကြားသည်။
ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူခံရသည့်နိုင်ငံများဖြစ်သည့် ရုရှားနှင့် အီရန်တို့သည် ယူကရိန်းစစ်ပွဲအတွင်း ၎င်းတို့၏ စစ်ရေးနှင့် စီးပွားရေးဆက်ဆံရေးကို အကြီးအကျယ်မြှင့်တင်ခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို လက်နက်တပ်ဆင်ခြင်းမပြုရန် မော်စကိုနှင့် ပေကျင်းကို သတိပေးခဲ့သည်။
ပူတင်နှင့် ပီဇက်ရှ်ကီယန်တို့၏ တွေ့ဆုံမှုသည် စီအိုင်အေညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် မော်စကိုမြို့သို့ ထူးထူးခြားခြားသွားရောက်ခဲ့ပြီး ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၎င်းသည် ရုရှားဘက်မှတာဝန်ရှိသူများနှင့် ယူကရိန်းအရေးအပြင် အီရန်အရေးတို့ကို ဆွေးနွေးခဲ့ဖွယ်ရှိကြောင်း အမေရိကန်မီဒီယာများက သုံးသပ်ခန့်မှန်းနေကြသည်။
SCO သည် သမိုင်းကြောင်းအရ စီးပွားရေးပြဿနာများကို အာရုံစိုက်ခဲ့သည်။ မော်စကိုနှင့် ဘေဂျင်းတို့၏ ဦးဆောင်မှုအောက်တွင် မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ရလာခဲ့သည်။
၎င်း၏အဖွဲ့ဝင် ၁၀ နိုင်ငံအပြင်၊ ယခုအခါတွင် တူရကီ၊ ဆော်ဒီအာရေဗျနှင့် ကာတာအပါအဝင် “ဆွေးနွေးဖက်များ” ၁၅ နိုင်ငံရှိသည်။ ၎င်းတွင် အာဖဂန်နစ္စတန်နှင့် မွန်ဂိုလီးယားတို့သည် လေ့လာသူနှစ်နိုင်ငံဖြစ်သည်။
SCO တည်ထောင်ခြင်းကြေညာချက်တွင် အဆိုပါအဖွဲ့သည် “အခြားနိုင်ငံများကို ဆန့်ကျင်ရန်ဦးတည်သော မဟာမိတ်အဖွဲ့မဟုတ်” ဟု ဖော်ပြထားသည်။
သို့သော် ပူတင်နှင့် ရှီတို့သည် ထိပ်သီးအစည်းအဝေးများအတွင်း အနောက်တိုင်းဆန့်ကျင်ရေးမိန့်ခွန်းများကို အကြိမ်ကြိမ်ပြောကြားခဲ့သည်။
ယမန်နှစ်က အစည်းအဝေးတွင် အနောက်နိုင်ငံများသည် ယူကရိန်းစစ်ပွဲကို လှုံ့ဆော်ပေးသည်ဟု ပူတင်က စွပ်စွဲခဲ့ပြီး၊ ရှီက အမေရိကန်-တရုတ်တင်းမာမှုများကို ရည်ညွှန်း၍ “ခြိမ်း ခြောက်မှုလုပ်ရပ်များ” ကို ရှုတ်ချခဲ့သည်။
စစ်ပွဲအစစ်အမှန်များနှင့် ကုန်သွယ်ရေးစစ်ပွဲများ
ဘီရှကက် ထိပ်သီးအစည်းအဝေးသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်အချို့ ကမ္ဘာ့အရေးအခင်းများဖြစ်သော ယူကရိန်းနှင့် အီရန်ပဋိပက္ခကဲ့သို့ စစ်ပွဲအစစ်အမှန်များ သို့မဟုတ် တရုတ်နှင့် အိန္ဒိယကုန်စည်များအပေါ် အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံမှုကဲ့သို့ ကုန်သွယ်ရေးစစ်ပွဲများ ကြုံတွေ့နေရသည့်အချိန်တွင် ကျင်းပခြင်းဖြစ်သည်။
ယခုလတွင် အမေရိကန်သည် အီရန်၏ ကုန်သွယ်ဖက်များအပေါ် ရွှေ၊ နည်းပညာ၊ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများ၊ လေကြောင်းနှင့် ရေကြောင်းသယ်ယူပို့ဆောင် ရေးကဏ္ဍများတွင် ဒုတိယအဆင့် ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး အီရန်အစိုးရကို ထိခိုက်စေခဲ့သည်။
ဝါရှင်တန်သည် အီရန်၏မဟာမိတ်များကိုလည်း ပိတ်ဆို့မှုများဖြင့် ခြိမ်းခြောက်ခဲ့သည်။
အီရန်ရေနံကို အဓိကတင်သွင်းသူ တရုတ်နိုင်ငံက ၎င်း၏အကျိုးစီးပွားများကို “ခိုင်မာစွာကာကွယ်” မည်ဟု တုံ့ပြန်ခဲ့သည်။
၁၉၇၉ ခုနှစ် တော်လှန်ရေးအပြီး အစ္စလာမ္မစ်အာဏာပိုင်များက အုပ်ချုပ်ရေးကို ရယူခဲ့ချိန်မှစ၍ ပိတ်ဆို့အရေးယူမှုများအောက်တွင် ဖြတ်သန်းနေရသော အီရန်နိုင်ငံသည် စီးပွားရေးဆိုင်ရာဖိအားများကို မည်သည့်အခါမျှ အလျော့ပေးမည်မဟုတ်ကြောင်း ပုံမှန်ပြောကြားလေ့ရှိသည်။
သို့သော် ပီဇက်ရှ်ကီယန်က ၎င်း၏နိုင်ငံသည် “စီးပွားရေးအခက်အခဲများ” နှင့် ရင်ဆိုင်နေရကြောင်း ဝန်ခံခဲ့သည်။
အီရန်သည် ၂၀၂၃ ခုနှစ်တွင်မှ SCO အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူ မိုဟာမက် ဟာဆန် နာ့ဂျ်မီက တီဟီရန်အနေဖြင့် “ဤမဟာမိတ်အဖွဲ့များတွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာပါဝင်မှုသည် အမေရိကန်နှင့် ဥရောပတို့၏ ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်စေမည်ဟု ယုံကြည်သည်” ဟု AFP သို့ ပြောကြားသည်။
သို့သော်လည်း “အကျပ်အတည်းကာလများတွင် အဆိုပါမဟာမိတ်အဖွဲ့များသည် အီရန်နိုင်ငံ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲသည်” ဟု ၎င်းက ဆိုထားသောကြောင့် ထိုအဖွဲ့အစည်းထံမှရရှိမည့် လက်တွေ့ကျသော အကျိုးကျေးဇူးများမှာမူ ရေရာမှုမရှိပေ။
အဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ GDP ၏ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဟု ဆိုသော်လည်း အဖွဲ့ဝင်များကြားတွင် သဘောထားကွဲလွဲမှုအချို့ဖြင့် ကွဲပြားနေဆဲဖြစ်သည်။
ဥရောပနှင့် အာရှအကြား ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသော အရင်းအမြစ်ကြွယ်ဝသော ဗဟိုအာရှဒေသတွင် ရုရှားနှင့် တရုတ်တို့သည် ဩဇာလွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်နေကြပြီး ဘေဂျင်းသည် အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ဆက်ဆံရေးတင်းမာနေသည်။
Ref: bangkokpost.com
ယနေ့ခေတ်
ရုရှား၊ တရုတ်၊ အီရန် ခေါင်းဆောင်များ ကာဂျစ္စတန်တွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်