ဟော်မုဇ်ရေလက်ကြားရှိ အီရန်ဒုံးကျည်ပစ်စင်များကို အမေရိကန်တိုက်ခိုက်

ဝါရှင်တန်၊ ဩဂုတ် ၃၁

အမေရိကန်စစ်တပ်သည် တစ်လအတွင်း ပထမဆုံးစစ်ရေးလှုပ်ရှားအဖြစ် ဟော်မုဇ်ရေလက်ကြားရှိ အီရန်၏ဒုံးကျည်ပစ်စင်များကို တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့ရာ ၆ လကျော် ကြာမြင့်နေပြီဖြစ်သောစစ်ပွဲအတွင်း ခေတ္တငြိမ်သက်နေသည့် တိုက်ပွဲများကို ပြန်လည်စတင်ခဲ့သည်။ သေဆုံးမှုများရှိခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွက် တုံ့ပြန်ကလဲ့စားချေမည်ဟု အီရန်ကကြုံးဝါးပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားသည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တင်မ်ဟော့ကင်းစ်၏ ပြောကြားချက်အရ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် အဆိုပါရေလက်ကြားအတွင်းသို့ ရေမြှုပ်မိုင်းများတပ်ဆင်ထားသည့် ဒုံးကျည်များပစ်လွှတ်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အမေရိကန်စစ်တပ်သည် ပြီးခဲ့သည့်သီတင်းပတ်က အဆိုပါရေလက်ကြား၏ နိုင်ငံတကာသင်္ဘောလမ်းကြောင်းများမှ ရေမြှုပ်မိုင်းများကို ရှင်းလင်းခဲ့သည်။

အီရန်နိုင်ငံရှိ အစိုးရတစ်ပိုင်း သတင်းမီဒီယာများကလည်း ရေလက်ကြားရှိ လာရတ်ခ်ကျွန်းအနီးတွင် ပေါက်ကွဲသံများကြားရကြောင်း ဖော်ပြခဲ့ကြသည်။ အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းမှ ထုတ်လွှင့်သော တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့၏ တိုက်ခိုက်ရေးသမားများနှင့် မျိုးချစ်ရဲဘော်အချို့ ကျဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများရှိခဲ့သည်” ဟု ဖော်ပြထားသည်။

နောက်ပိုင်းတွင် အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို အီရန်က ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်နေသည်ဆိုသောမြင်ကွင်းများကို အီရန်နိုင်ငံပိုင်ရုပ်သံလိုင်းကပြသခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ၌ တနင်္လာနေ့အစောပိုင်းက ဂျော်ဒန်နိုင်ငံ၏ လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဒုံးကျည်ရှစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဂျော်ဒန်စစ်တပ်က ပြောကြားသည်။

နောက်ဆုံးတိုက်ခိုက်မှုများသည် ကျူးကျော်စော်ကားသော စစ်ရေးလုပ်ရပ်ဖြစ်သည်ဟူသော အီရန်၏ စွပ်စွဲချက်ကို အမေရိကန် စစ်ဘက်တာဝန်ရှိသူများက ငြင်းဆိုခဲ့ပြီး၊ ရေမြှုပ် မိုင်းထောင်ရန် ပြင်ဆင်နေသည့် တပ်ဖွဲ့များအပေါ် “အကန့်အသတ်ဖြင့် တိကျစွာလုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေး” သာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

“အခြေခံအားဖြင့်ပြောရလျှင် အီရန်က ခြိမ်းခြောက်မှုကိုဖန်တီးခဲ့ပြီး အမေရိကန်စစ်တပ်က အရပ်ဘက်ရေကြောင်းသွားလာသူများ၊ ကုန်သွယ်ရေးသင်္ဘောများနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု လွတ်လပ်စွာစီးဆင်းနိုင်မှုကို အကာအကွယ်ပေးရန်အတွက် အဆိုပါခြိမ်းခြောက်မှုကို ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်သည်” ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်က တနင်္ဂနွေနေ့နှောင်းပိုင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက် စစ်ပွဲစတင်ကတည်းကပင် အီရန်သည် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်စခန်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ပဋိပက္ခကို ပြန်လည်စတင်လိုက်ခြင်းသည် ထိုဒေသအတွက် အန္တရာယ်ရှိလာနိုင်မည်ဖြစ်သည်။

အမေရိကန်စစ်တပ်က အီရန်ကိုပစ်မှတ်ထားကြောင်း နောက်ဆုံးအကြိမ် အတည်ပြုခဲ့သည့်အချိန်မှာ ဇူလိုင်လ ၂၉ ရက်နေ့တွင်ဖြစ်ပြီး ကမ်းရိုးတန်းစောင့်ကြည့်ရေးနှင့် ကာကွယ်ရေးနေရာများအပါအဝင် တော်လှန်ရေးအစောင့်တပ်ပစ်မှတ်များစွာကို “ပြင်းထန်သောတိုက်ခိုက်မှုလှိုင်း” ဖြင့် ကြေညာခဲ့သည်။ သြဂုတ်လ ၁ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပင်လယ်ကွေ့မဟာမိတ်များဖြစ်သည့် ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့၏ တိုက်တွန်းချက်အရ စစ်တပ်အား တိုက်ခိုက်မှုအသစ်များကို ရပ်ဆိုင်းထားရန် အမိန့်ပေးမည်ဟု ပြောကြားသည်။

အမေရိကန်က စီးပွားရေးအရ ဖိအားပေးသည့်ဘက်သို့ ပြောင်းလဲလုပ်ဆောင်ခဲ့

အီရန်နှင့်ဖြစ်ပွားနေသောစစ်ပွဲကို အဆုံးသတ်ရန် စစ်ရေးအရ အရေးယူဆောင်ရွက်မည့်အစား စီးပွားရေးအရ ဖိအားပေးမှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် အာရုံစိုက်မည်ဟု တရမ့်အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုပြောင်းလဲလာသော မဟာဗျူဟာသည် တီဟီရန် နှင့် စီးပွားရေးလုပ် ကိုင်နေသည့် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူပိတ်ဆို့မည်ဟူသော ခြိမ်းခြောက်မှုများအပေါ် အဓိကဗဟိုပြုထားသည်။

တနင်္ဂနွေနေ့က တိုက်ခိုက်မှုသည် “စီးပွားရေးစစ်ပွဲအတွင်း ထရမ့်အစိုးရ၏ ဆိုးရွားသောအမှား” ဖြစ်ပြီး ရန်သူသည် စစ်ရေးနှင့် စီးပွားရေးအရ အကျိုးဆက်များကို ပေးဆပ်ရမည်ဟု အစောင့်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဟူစိန် မိုဟီဘီက အီရန်မီဒီယာမှထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားသည်။

အမေရိကန်အစိုးရအနေဖြင့် လပေါင်းများစွာကြာမြင့်လာခဲ့သည့် စစ်ပွဲကြောင့် လက်နက်ခဲယမ်း သိုလှောင်ထားရှိမှု လျော့နည်းလာခြင်းကို တွက်ချက်သုံးသပ်နေရချိန်တွင် ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုများ အသုံးပြုသည့်ဘက်သို့ ပြောင်းလဲလုပ်ဆောင်လာခြင်းဖြစ်သည်။ ယင်းအခြေအနေကြောင့် ရှည်ကြာလာသော ဤပဋိပက္ခသည် ကမ္ဘာ့အခြားနေရာများရှိ အမေရိကန်၏ စစ်ရေးအသင့်ဖြစ်မှု အခြေအနေကို ထိခိုက်လာနိုင်သလားဆိုသည့် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခဲ့သည်။

ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော်လည်း စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဟူသော ဒေါ်နယ်ထရမ့်၏ ပြောကြားချက်များမှာလည်း မှေးမှိန်သွားပုံရသည်။ ၎င်းက အီရန်ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လည်ခေါ်ဆောင်ရန် “လောလောဆယ် မလောပါ” ဟု ပြီးခဲ့သည့်သီတင်းပတ်က အလေးအနက်ပြောကြားခဲ့ပြီး၊ အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ ခေါင်းဆောင်ပိုင်းသည် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟူသောအချက်ကို ဆက်လက်ထောက်ပြပြောဆိုခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်လအတွင်း အီရန်၏ အဆင့်မြင့်လုံခြုံရေးခေါင်းဆောင်ပိုင်း ရာထူးခန့်အပ်မှုများက ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက် တီဟီရန်၏ အလျှော့မပေးဘဲ အာခံမည့်သဘောထားနှင့် ပြည်တွင်း၌ အစိုးရအပေါ် သဘောထားကွဲလွဲဆန့်ကျင်မှုများကို လုံးဝသည်းခံမည်မဟုတ်ကြောင်း ပြသရာရောက်ခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဆင်ရေးများသည် အီရန်ရေတပ်နှင့် လေတပ်တို့အပေါ် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ထရမ့်က အစဉ်တစိုက် အလေးပေးပြောကြားခဲ့သည်။ အီရန်တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းတို့နိုင်ငံသည် တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းများကြောင့် အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးမှုဒဏ်ကို ခံစားခဲ့ရသည်ဟု ဆိုသည်။ စစ်ပွဲ၏ ပထမဆုံးသီတင်းပတ်များအတွင်း အစ္စရေး၏ စစ်ရေးအရတိုက်ခိုက်မှုများသည် ဘာသာရေးအခြေပြုအီရန်အစိုးရအဖွဲ့၏ ခေါင်းဆောင်မှုပုံစံ အခြေခံအဆောက်အအုံအများအပြားကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သည်။

Ref: apnews.com
ယနေ့ခေတ်

ဟော်မုဇ်ရေလက်ကြားရှိ အီရန်ဒုံးကျည်ပစ်စင်များကို အမေရိကန်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.