ဟုမ္မလင်းမြို့တွင် ကုန်စိမ်းအချို့ကို လေယာဉ်ဖြင့်သယ်ယူရသဖြင့် စျေးနှုန်းများအဆမတန်မြင့်တက်နေ ဟုဆို

ရန်ကုန်၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ကုန်လမ်းနှင့် ရေကြောင်းလမ်းတို့ ပိတ်ဆို့ထားခြင်းကြောင့် ကုန်စည်များသယ်ယူရာတွင် လေကြောင်းမှသာပြုလုပ်နေရပြီး၊ လေယာဉ်တန်ဆာခ ၁ ကီလိုဂရမ်လျှင် ၁၇,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ ပေးဆောင်ရခြင်းကြောင့် ကုန်စိမ်းများစျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

ဇွန်လလည်ပိုင်းမှစ၍ ဟုမ္မလင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကားလမ်းအချို့ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲဖြစ်ပေါ်နေပြီး၊ စျေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။

“မိုးတွင်းမို့ လမ်းတွေပျက်တော့ ကားတွေက ကြာတယ်လေ။ ကုန်စိမ်းတွေက တင်လို့အဆင်မပြေကြလို့ပါရှင့်။ ကုန်စိမ်းနဲ့ ပုတ်ကုန်အဓိကပေါ့။ အဲဒါကြောင့် ကြာကြာအထားမခံတဲ့ပစ္စည်းတွေဆို လေယာဉ်နဲ့ပဲတင်ကြရတာပါ။ မန္တလေးကနေ ဟုမ္မလင်းအထိ လေယာဉ်တန်ဆာခက 1 Kgကို ၁၇,၀၀၀ ကနေ ၂၀,၀၀၀ ဆိုတော့ ရောင်းဈေးတွေပါမြင့်ကုန်ကြတာပါ။” ဟု ဟုမ္မလင်းမြို့နေ စျေးသည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဟုမ္မလင်းမြို့၊ ဟုမ္မလင်းဈေးတွင် မုန့်ညှင်းဖြူ တစ်ပိဿာ ၄၅,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၆,၀၀၀ ကျပ်၊ ကြက်ဥတစ်ကတ် ၅၀,၀၀၀ ကျပ်အထိ ပေးဝယ်နေရပြီး၊ မုန်လာဥနီအကြီး တစ်လုံးလျှင် ၁၃,၀၀၀ အထိ ပေးဝယ်နေရကြောင်း သိရသည်။

“လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ကုန်စိမ်းနဲ့ပုတ်ကုန်တွေက ရေကြောင်း၊ ကုန်းကြောင်းနဲ့ သယ်ယူရတာအဆင်မပြေလို့ ကျွန်မတို့လည်း ကိုယ်စားဖို့ဆို အဲလောက်ဈေးကြီးတာ မဝယ်စားပါဘူး။ ခုက ဆိုင်ဖွင့်ထားတော့ ဆိုင်အတွက် မဖြစ်မနေဝယ်သုံးနေရတာပါ။ ကြက်ဥတစ်လုံးဆို ၁၇၀၀ ပေးရပါတယ်။ ငါးမုတ်တစ်ကောင်ကို ၁၉,၀၀၀ ပေးဝယ်ရတယ်။” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ယနေ့ခတ်သို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အတွင်းရှိ ကျေးရွာအချို့တွင် အစိုးရတပ်နှင့် KIA, PDF ပူးပေါင်းတပ်နှင့် SNA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပေါ်ပါက ကုန်လမ်းနှင့် ရေလမ်းခရီးတွင် မကြာခဏပိတ်ဆို့မှုများဖြစ်ပေါ်ကြောင်း သိရသည်။

“တိုက်ပွဲငယ်တွေ ထိတွေ့မှုဖြစ်ရင်လည်း ကုန်းလမ်း၊ ရေလမ်းက ပိတ်တယ်။ နိုင်ငံရေးဖြစ်ကတည်းက ခုထိ အဲ့လိုပါပဲ။ လမ်းခရီးတွေလည်းအချိန်မရွေးပိတ်တတ်တယ်။ ဒါပေမယ့် အခြေအနေတွေ ခဏခဏပြောင်းနိုင်တော့ အရောင်းအဝယ်တွေလည်း ဘယ်အချိန်ပြန်ကောင်းလာမလဲတော့ မပြောတတ်သေးဘူး။” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် ဟုမ္မလင်းမြို့တွင် ဆက်သွယ်ရေးလိုင်များ ပြတ်တောက်နေပြီး စတားလင့်ကိုသာ မိနစ်အလိုက် ဝယ်ယူသုံးစွဲနေရကြောင်းလည်း သိရသည်။

“ဖုန်းလိုင်းလည်းမကောင်းဘူး။ WiFi တွေလည်းဖြတ်ထားတာ။ ခုက စတားလင့်ကိုဘဲ မိနစ်အလိုက်ဝယ်ပြီးသုံးနေကြရတာပါ။” ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။

ဒါ့အပြင် ဟုမ္မလင်းမြို့တွင် ငါးခြောက်တစ်ပိဿာ ၁၈၀,ဝဝဝကျပ်၊ ခရမ်းသီးတစ်ပိဿာ ၄၀,ဝဝဝ ကျပ်၊ စားဆီတစ်ပိဿာ ၃၇,၀၀၀ ကျပ်နှင့် ဆန်တစ်အိတ် ၃၂၀,ဝဝဝ ကျပ်အထိ စျေးနှုန်းမြင့်လာကြောင်း ဒေသအတွင်းသတင်းများအရ သိရသည်။

ဟုမ္မလင်းမြို့တွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ရေလမ်းပိတ်ဆို့မှုများသည် ဒေသအတွင်းစစ်ရေးတင်းမာမှု၊ လမ်းပိုင်းထိန်းချုပ်ပိတ်ဆို့မှုများနှင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေကြီးရေလျှံမှု စသည့်အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများဖြစ်ပေါ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်လည်း ဩဂုတ်လအတွင်း လမ်းပန်းဆက်သွယ်ရေးများ အခက်ခဲဖြစ်ပေါ်မှုကြောင့် ခရမ်းချဉ်သီး၊ ဆန်၊ အသား၊ ငါးများလည်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – shannivoice.com
ယနေ့ခေတ်

ဟုမ္မလင်းမြို့တွင် ကုန်စိမ်းအချို့ကို လေယာဉ်ဖြင့်သယ်ယူရသဖြင့် စျေးနှုန်းများအဆမတန်မြင့်တက်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.