ရန်ကုန်၊ စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့တွင် လူ ၂၈ ဦး လိုက်ပါလားသည့် ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းမဘယ်ဘက် ပေ (၅၀) ခန့်ရှိသည့် ချောက်ထဲသို့ကျကာ တစ်ဦးသေဆုံးခဲ့ပြီး၊ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်၊ ည ၁၁ နာရီခန့်က မိုင်းပျဉ်းမြို့၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ် (၅၅၅.၅) နှင့် (၅၅၆.၀ ) ကြား၊ ခမ်းပေါ့ကျေးရွာနှင့် တောင်သုံးလုံးကျေးရွာအနီး တွင် လူ ၂၈ ဦး လိုက်ပါလာသည့် ဧကရာဇ် Express ခရီးသည်တင်ယာဉ်သည် ဘရိတ်ပေါက်ရာမှပေ (၅၀) ခန့်ရှိသည့် ချောက်ထဲသို့ကျကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ခရီးသည်တင်ကားက တာချီလိတ်ကနေ မန္တလေးကိုသွားမှာ။ ပြီးရင် ကျိုင်းတုံကနေပြီးတော့မှ တောင်ကြီးဆက်သွားမှာ။ သွားတဲ့အချိန်မှာ မိုင်းပျဉ်းမြို့မရောက်ခင် ကားကဘရိတ်ပေါက်သွားတာ။ တောင်တက်လမ်းတွေဖြစ်တာကြောင့်ရယ် မိုးကလည်းရွာထားတော့ ဘရိတ်ပေါက်တဲ့အချိန်မှာ ထိန်းမနိုင်ဖြစ်သွားတာ။ အဲ့မှာတင် ပေ ၅၀ လောက်ရှိတဲ့ လမ်းဘေးချောက်ထဲကိုကျသွားတာ။ ယာဉ်ပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါဝင် ၂၈ ဦးပါတယ်။ တာချီလိတ်မှာနေတဲ့ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးတယ်။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ချောက်ထဲထိုးကျခဲ့သည့် ခရီးသည်ယာဉ်ပေါ်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူတို့ကို နယ်မြေခံမီးသတ်ဖွဲ့များက ကယ်ဆယ်ရေးများလုပ်ဆောင်ပေးပြီး၊ တုံတာလူမှုကူညီရေးအသင်းမှ တုံတာတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ တာချီလိတ်-မိုင်းဆတ်လမ်းတွင် ဘိလပ်မြေအိတ်များတင်ဆောင်လာသည့်ကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်ထဲထိုးကျပြီး အမျိုးတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်၊ ညနေ ၅ နာရီကျော်ကလည်း တောင်တွင်းကြီးလမ်း ဂွေးချိုကျေးရွာ၊ တောင်ညိုလမ်းတွင် “ဇော်လေးနိုင်”ဇာတ်အဖွဲ့ကား အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျပြီး ကားပေါ်လိုက်ပါလာသည့် ၂၇ ဦး အနက် အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦးသေဆုံးကာ၊ လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၄ ရက်၊ နံနက်ပိုင်းကလည်းတောင်ငူမြို့လိပ်သိုလ်ကော်ပတ်ခြံ သုံးထပ်ကွေ့တွင် ခရီးသည်တင်ကားတစ်စီး ချောက်ထဲပြုတ်ကျကာ အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – MFSD
ယနေ့ခေတ်
မိုင်းပျဉ်းမြို့တွင် လူ၂၈ ဦး လိုက်ပါလာသည့် ခရီးသည်ယာဉ်တစ်စီး ချောက်ထဲထိုးကျကာ တစ်ဦးသေဆုံးပြီး၊ ၁၉ ဦးဒဏ်ရာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်