ရန်ကုန်မြို့နေရာအချို့တွင် အင်းအား ၃.၄ ရှိသည့် ငလျင်လှုပ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၂

ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့ညက ၃.၄ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်၊ ည ၁၁ နာရီ၊ ၄ မိနစ်က ရန်ကုန်မြို့အတွင်းရှိ ဒလမြို့အပါအဝင် လှိုင်သာယာ၊ မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊သမိုင်း၊ တောင်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ သာကေတ၊ ဒေါပုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့်နေရာများတွင် ၃.၄ ပြင်းအားရှိသည့် ငလျင်လှုပ်ခဲ့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ညက မအိပ်သေးတော့ လှုပ်တာသိလိုက်ရတယ်။ တချို့မြို့နယ်တွေမှာလည်းလှုပ်တယ်။ အောက်တော့မဆင်းဖြစ်ဘူး။ စောင့်တော့ကြည့်​နေရတာပေါ့။ နှစ်ကြိမ်လောက်လှုပ်ရင်တော့ အောက်ဆင်းမှာ။ ငလျင်က ဒီနှစ်ထဲမှာတင် ခဏခဏလှုပ်နေတော့ စိတ်တော့ပူရတယ်။” ဟု ကြည့်မြင်တိုင်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့အပြင် ယနေ့နံနက် ၇ နာရီ၊ ၂၁ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ အရှေ့တောင်ဘက်ပိုင်း ၁၄ မိုင်ခန့်အကွာရှိ ကျောက်ဆည်မြို့အနီးကို ဗဟိုပြုကာ မဂ္ဂနီကျု ၃.၈ အဆင့်ရှိသည့် မြေငလျင်ငယ်သည့် မြေအောက်အနက် ၆ မိုင်တွင် ထပ်မံလှုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်၊ ည ၁၀ နာရီ၊ ၁၃ မိနစ် ၅၇ စက္ကန့်ကလည်း၊ ရန်ကုန်မြို့အတွင်းရှိ ကြည့်မြင်တိုင်၊ တာမွေ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ သာကေတ၊ မြောက်ဥက္ကလား စသည့်မြို့နယ်များတွင် ၄.၅ အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၉ ရက်၊ ည ၈ နာရီ ၊ ၃၂ မိနစ်၊ ၄၅ စက္ကန့်ကလည်း၊ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၏ အနောက်မြောက်ဘက် (၆) မိုင်ခန့်အကွာတွင် ပြင်းအား ၄.၅ ရှိသည့် ငလျင်လှုပ် ခတ်ခြင်းကြောင့် အထပ်မြင့်နေထိုင်သူများ ထိတ်လန့်ခဲ့ကြရကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ – မြေငလျင်သတင်းစင်တာ
#ယနေ့ခေတ်

ရန်ကုန်မြို့နေရာအချို့တွင် အင်းအား ၃.၄ ရှိသည့် ငလျင်လှုပ်ခတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.