အမြန်လမ်းတွင် ရှစ်လအတွင်း ယာဉ်တိုက်မှု ၃၀၊ သေဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရရှိသူ ၇၃ ဦးရှိ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၃

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရှစ်လအတွင်း ယာဉ်တိုက်မှု ၃၀ ခုရှိခဲ့ပြီး၊ သံဃာတော်အပါအဝင် ၁၇ ဦးသေဆုံးကာ ဒဏ်ရာရသူ ၇၃ ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်မှ သိရ သည်။

၂၀၂၆ ခုနှစ်၊ ရှစ်လပိုင်းအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ၃၀ ခုနှင့် သေဆုံးသူ သံဃာတော်အပါအဝင် ၁၇ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရသူ ၇၃ ဦးရှိခဲ့ကြောင်း အမြန်လမ်း မီးသတ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“တစ်လပိုင်းကနေ ရှစ်လပိုင်းမှာ ယာဉ်တိုက်မှုက ၃၀ ခုရှိပါတယ်။ တချို့ယာဉ်တိုက်မှုတွေမှာ သတင်းနောက်ကျတာတို့ ကြေးနန်းမရလိုက်လို့ နောက်ကျတာတို့လည်းရှိပါတယ်။ တခြားယာဉ်မှုတွေလည်းရှိပါတယ်။ အခု ရှစ်လပိုင်းအထိတော့ သေဆုံးသူက ၁၇ ဦး။ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၇၃ ဦးရှိပါတယ်။ ဒီအမှုတွေက ကျွန်တော်တို့မီးသတ်ကနေ တက်လာတဲ့ကြေးနန်းတွေပါ။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အမြန်လမ်းတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်အတွင်း ကားမီးလောင်မှု ငါးကြိမ်ထက်မနည်းရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၁၃/၆) နှင့် (၁၃/၇)ကြား (မန္တလေးမှ‌ နေပြည်‌တော်သို့အသွားလမ်း)တွင် ခရီးသည်တင်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ပြီး၊ တစ်ဦးသေဆုံးကာ၊ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ၇၃ မှုနှင့် သေဆုံးသူ ကလေးငယ်အပါအဝင် ၃၃ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀၆ ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အမြန်လမ်းအသုံးပြုသော ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းနှင်နေစဉ် လမ်းလုမောင်းခြင်း၊ ပြိုင်မောင်းခြင်း၊ ဖုန်းပြောခြင်း၊ စာတို SMS ပို့ခြင်း၊ လူမှုကွန်ရက်/အင်တာနက်သုံးခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ကွမ်းထွေးခြင်း စသည့်စိတ်အာရုံပျံ့လွင့်စေသော အပြုအမူများ မလုပ်ကြပါရန်၊ မိမိယာဉ်၏ကြံ့ခိုင်မှု/တာယာပန်းရှိမှုအား လမ်းပေါ်မရောက်မီ သေချာစွာစစ်ဆေးကြရန်၊ မိုးရွာနေချိန်၊ ညအချိန်များတွင် အရှိန်လျှော့ချ မောင်းနှင်ကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းမပြုကြပါရန် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သတိပေးနှိုးဆော်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – အမြန်လမ်း မီးသတ်တပ်ဖွဲ့(ပုံဟောင်းများ)
ယနေ့ခေတ်

အမြန်လမ်းတွင် ရှစ်လအတွင်း ယာဉ်တိုက်မှု ၃၀၊ သေဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရရှိသူ ၇၃ ဦးရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.