အီရန်နှင့်စစ်ရေးပဋိပက္ခသည် စစ်ပွဲမဟုတ်ဟု အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် ပြောကြား

ဝါရှင်တန်၊ စက်တင်ဘာ ၄

စစ်ရေးပဋိပက္ခစတင်ပြီး ခြောက်လအကြာ တီဟီရန်နှင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော်လည်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က အီရန်စစ်ပွဲကို စစ်ပွဲအဖြစ်မသတ် မှတ်ဟု ကြာသပတေးနေ့တွင် ပြောကြားသည်။

သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏အစိုးရအဖွဲ့ကို အကျပ်ရိုက်စေခဲ့သော အဆိုပါပဋိပက္ခအား အဆုံးသတ်ရန် ကြိုးပမ်းနေသည့် လက္ခဏာများ ပိုမိုထင်ရှားလာချိန်တွင် ဗန့်စ်၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ စစ်ပွဲပြီးဆုံးမည်လားဟု မေးမြန်းမှုနှင့်ပတ်သက်ပြီး “ကျွန်တော် ဒါကို စစ်ပွဲလို့မခေါ်ပါဘူး။ အခုအချိန်မှာတော့ ပစ်ခတ်မှုတွေမရှိပါဘူး” ဟု ဗန့်စ်က အိမ်ဖြူတော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒီပဋိပက္ခ ပိုမိုပြင်းထန်လာခဲ့တဲ့ နေရာတချို့ ရှိခဲ့တယ်ဆိုတာကို ကျွန်တော်အသိအမှတ်ပြုပါတယ်” ဟု ဗန့်စ်က ပြောကြားခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စ ရေး၏ အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အဓိက တိုက်ပွဲဝင်စစ်ဆင်ရေးများသည် ခြောက်ပတ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း ပြောသည်။

“ဒါပေမယ့် ဒါဘယ်တော့ပြီးဆုံးမှာလဲလို့ မေးတဲ့အခါ အီရန်တွေက သင်္ဘောတွေကိုပစ်ခတ်တာ ဘယ်တော့ရပ်တန့်မှာလဲဆိုတဲ့ မေးခွန်းကို မေးနေတာပါ။ တကယ့်အဖြစ်မှန်ကတော့ အဲဒီမေးခွန်းရဲ့အဖြေကို ကျွန်တော်မသိဘူးလို့ ကျွန်တော်ထင်ပါတယ်။ အီရန်တွေကိုမေးရမှာပါ” ဟု ဆိုသည်။

ရက်သတ္တပတ်အတော်ကြာ ငြိမ်သက်ပြီးနောက် တနင်္ဂနွေနေ့တွင် အမေရိကန်၏ စီးနင်းတိုက်ခိုက်မှုများဖြင့် ပဋိပက္ခအသစ်များစတင်ခဲ့ပြီး အီရန်သည် မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားကို ချုပ်ကိုင်ထားဆဲဖြစ်သောကြောင့် ခြောက်လကြာစစ်ပွဲတွင် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

ကုန်တင်သင်္ဘောများကို အီရန်၏တိုက်ခိုက်မှုများ မပြီးဆုံးမချင်း အမေရိကန်ပြည်ထောင်စုသည် အီရန်နှင့်ဆွေးနွေးမှုများကို ပြန်လည်စတင်မည်မဟုတ်ကြောင်း ဗန့်စ်က အခိုင်အ မာပြောကြားသည်။

သို့သော်လည်း စက်သုံးဆီစျေးနှုန်းများ မြင့်တက်မှုကြောင့် သမ္မတထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီအနေဖြင့် ကွန်ဂရက်လွှတ်တော်ကိုထိန်းချုပ်ခွင့် ဆုံးရှုံးရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ၎င်း၏အစိုးရအဖွဲ့သည် အဆိုပါရေကြောင်းလမ်းမှတစ်ဆင့် ရေနံတင်ပို့မှုများသည် ယခုအခါ စစ်မဖြစ်မီက အခြေအနေအတိုင်း ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းစကားကို စတင်တွန်းအားပေး ဖြန့်ဝေလာခဲ့သည်။

“ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ထိန်းချုပ်မှုသည် သိသိသာသာပျောက်ကွယ်သွားပါပြီ” ဟု ဗန့်စ်က ပြောကြားသည်။

“လွန်ခဲ့တဲ့သုံးလက အခြေအနေကိုပြန်ကြည့်ရင် အီရန်ရဲ့ခြိမ်းခြောက်မှုတွေအောက်မှာ အဲဒီရေလက်ကြားကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဘယ်လောက်တောင် ထွက်နိုင်ခဲ့လို့လဲ။ တကယ်တော့ ဘာမှမထွက်သလောက်ပါပဲ။ အခုတော့ ဒီပဋိပက္ခမစတင်ခင်က အခြေအနေနီးပါးကို ပြန်ရောက်နေပါပြီ” ဟု ဗန့်စ်က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုကို နောက်ထပ်နိုင်ငံခြားစစ်ပွဲများမှ ကင်းဝေးစေရန် ကတိပြုခဲ့သော သမ္မတသည် အစ္စလာမ်သမ္မတနိုင်ငံနှင့် ရှုပ်ထွေးမှုတွင် ရှိနေသည်ကို တွေ့ရှိသောကြောင့် ထရမ့်ကိုထောက်ခံမှုနှုန်းသည် မှတ်တမ်းတင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။

ဖေဖော်ဝါရီလကတည်းက အီရန်နှင့် လက်ဘနွန်နိုင်ငံတို့တွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၈ ဦးနှင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။

ထရမ့်သည် အီရန်စစ်ပွဲပြီးဆုံးကြောင်းကြေညာရန် အကြီးတန်းလက်ထောက်များနှင့် ဆွေးနွေးနေကြောင်း Wall Street Journal သတင်းစာက ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်အပတ်က “Mission Accomplished” ဟူသော ဆိုင်းဘုတ်ဓာတ်ပုံကို တင်ခဲ့သည်။

အီရန်သည် ကြာသပတေးနေ့တွင် တိုက်ခိုက်မှုအသစ်များ ဆက်လက်လုပ်ဆောင်ခဲ့ပြီး မင်္ဂလာပွဲတစ်ခုကို တိုက်ခိုက်မှုအတွက် ဝါရှင်တန်ကိုလက်စားချေရန် ကူဝိတ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မင်္ဂလာပွဲတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေသော်လည်း အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အီရန်၏သတင်းပေးပို့မှုကို သံသယဝင်ကြောင်း ဗန့်စ်က ပြောကြားသည်။

“ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေတယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ဗန့်စ်က ပြောကြားသည်။ “အီရန်နိုင်ငံပိုင်မီဒီယာသည် ယခုအချိန်အထိ ပဋိပက္ခတွင် ဖြစ်ပျက်ခဲ့သည်များကို ကောင်းစွာရေးသားခြင်းမရှိကြောင်း ကျွန်တော်ပြောပါရစေ။ ဒါကြောင့် ကျွန်တော်ဒီကိစ္စကို အလွန်သံသယရှိပါတယ်။” ဟု ဆိုသည်။

အီရန်ကမ်းရိုးတန်းမြို့ Kuhestak တွင် မင်္ဂလာပွဲတစ်ခုအား ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် လူလေးဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်လခြမ်းနီအဖွဲ့က အင်္ဂါနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

Ref: bangkokpost.com
ယနေ့ခေတ်

အီရန်နှင့်စစ်ရေးပဋိပက္ခသည် စစ်ပွဲမဟုတ်ဟု အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.