တာချီလိတ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေထိန်းနံရံပြိုကျကာ ရေကြီးရေလျှံမှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မယ်ဆိုင်မှ မြေထိန်းနံရံပြိုကျကာ ချောင်းရေများဝင်ရောက်လာပြီး၊ ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း သိရသည်။

စက်တင်ဘာ ၆ ရက်၊ ညပိုင်းက တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မယ်ဆိုင်ချောင်းမှ မြေထိန်းနံရံပြိုကျကာ မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့တွင် ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း သိရသည်။

“တာချီလိတ်ကတော့ နှစ်စဉ်ရေးကြီးနေကြပါပဲ။ မနေ့ညက မိုးအရမ်းများပြီးတော့ မယ်ဆိုင်ချောင်ကနေ ရေတွေ တအားဝင်လာတာ။ ချောင်းနားက မြေထိန်းနံရံလည်းပြိုကျတာပါတယ်။ ချောင်းရေကလည်းများတယ်။ ပုံမှန်ထက် မြို့ထဲတွေကိုရေဝင်တာမြန်နေတယ်။ ရေစီးလည်းသန်တယ်။ လမ်းမကြီးတွေဆို ရေတွေပြည့်နေတယ်။ သတိထားပြီးသွားလာမှ ရပါမယ်။ ချောင်းရေတွေပါများတဲ့အတွက် မြေနိမ့်ပိုင်းတွေ စိုရိမ်ရပါတယ်။” ဟု တာချီလိတ်မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

Screenshot

မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့(လွယ်တော်ခမ်းကျေးရွာ)တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက် ၃ ပေ ၁ လက်မခန့်အလိုတွင် ရောက်ရှိနေပြီး၊ အဆိုပါချောင်းရေသည် ၁၂ နာရီအတွင်း စိုးရိမ်ရေအမှတ်ထက်သို့ ၆ လက်မခန့် ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုး/ဇလမှ ယနေ့ နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။

တာချီလိတ်မြို့အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်ကြသူများအနေဖြင့် ချောင်းရေများမြင့်တက်လာပါက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန် မိုး/ ဇလ သတိ ပေးနှိုးဆော်ထားသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နောက်လာမည့် ၂၄ နာရီအတွင်း မိုးရွာရန်ရွာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇ ပညာရှင် ဒေါက်တာ စိုင်းခွန်အာကာမှ ယနေ့နံနက် ၁၀ နာရီကျော်က လူမှုကွန်ရက်တွင် ရေးသာထားသည်။

ဩဂုတ်လ ၁ ရက်၊ ည ၁၀ နာရီခန့်ကလည်း တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေနိမ့်ပိုင်းရှိ ပုန်းထွန်းရပ်ကွက်၊ တာလော့၊ မာကာ၊ အိုခမ်၊ ဆန်ဆိုင်း၊ မယ်ခေါင် စသည့်ရပ်ကွက်အချို့တွင် မယ်ဆိုင်ချောင်းရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေသခံ
ယနေ့ခေတ်

တာချီလိတ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေထိန်းနံရံပြိုကျကာ ရေကြီးရေလျှံမှုဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.