ဂျာကာတာ၊ စက်တင်ဘာ ၇
အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းပြေးဆွဲမှုများ ရပ်ဆိုင်းထားရပြီးနောက်၊ ဂျာကာတာမြို့တော်၏ အဓိကလေဆိပ်ကြီးနှင့် အခြားလေဆိပ် ၃ ခုကို ပြန် လည်ဖွင့်လှစ်မည့်အချိန်အား တနင်္လာနေ့တွင် ထပ်မံရွှေ့ဆိုင်းလိုက်ရသဖြင့် ခရီးသည်သိန်းချီ လမ်းခရီးတွင်ပိတ်မိနေသည်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော်နှင့် ကီလိုမီတာ ၁၅၀ (မိုင် ၉၀) ခန့်အကွာတွင်ရှိသော အာနတ် ကရာကတောင်း မီးတောင်သည် စနေနေ့ကပေါက်ကွဲခဲ့ပြီး ချော်ရည်ပူများနှင့် မီးတောင်ပြာထုထည်ကြီးကို အရှိန်အဟုန်ဖြင့် မှုတ်ထုတ်ခဲ့သည်။
အဆိုပါ လေပိုင်နက်အတွင်း မီးတောင်ပြာများ တွေ့ရှိခဲ့ရပြီးနောက် စနေ၊ တနင်္ဂနွေ အားလပ်ရက်အတွင်း လေဆိပ် ၈ ခုထက်မနည်း လုပ်ငန်းစဉ်များရပ်ဆိုင်းခဲ့ရပြီး လေကြောင်းခရီးစဉ်ပေါင်းထောင်ချီ အနှောင့်အယှက်ဖြစ်ကာ ခရီးသည် ၂၇၀,၀၀၀ ကျော် လမ်းခရီးတွင်ပိတ်မိခဲ့ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
“ဒီကိန်းဂဏန်းတွေဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၅ ရက်ကတည်းကစပြီး ဖျက်သိမ်းခြင်း၊ နောက်ကျခြင်း ဒါမှမဟုတ် လမ်းကြောင်းပြောင်းလဲခြင်းခံခဲ့ရတဲ့ ခရီးစဉ်တွေအပါအဝင် သက်ရောက်မှုရှိခဲ့တဲ့ လုပ်ငန်းလည်ပတ်မှု စုစုပေါင်းပမာဏဖြစ်ပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီတလီနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် မိုက်ကယ် မီးဂတ်ဂျ်သည် ရည်းစားဖြစ်သူနှင့်အတူ အားလပ်ရက်ခရီးထွက်လာခဲ့ပြီး အင်္ဂါနေ့ အလုပ်ချိန်အမီ နေရပ်သို့ပြန်ရန် ရည်ရွယ်ထားသော်လည်း ၎င်းတို့၏ခရီးစဉ်မှာ ဖျက်သိမ်းခြင်းခံခဲ့ရသည်။
“ကျွန်တော်တို့ လေကြောင်းလိုင်းဆီက ဘာသတင်းမှမရသေးဘူး။ ဂျာကာတာမှာပဲ နောက်တစ်ရက်ထပ်နေရမလား၊ ဒါမှမဟုတ် တခြားလေကြောင်းလိုင်းရှာရမလားဆိုတာ မသိသေးဘူး” ဟု အသက် ၃၂ နှစ်အရွယ် ဆော့ဖ်ဝဲအင်ဂျင်နီယာဖြစ်သူက AFP သို့ ပြောကြားသည်။
“အခုအချိန်မှာတော့ ခရီးစဉ်အသစ်ရဖို့ မလွယ်လှပါဘူး။ အနီးအနားကဟိုတယ်တစ်ခုကို ရှာတွေ့ခဲ့ပေမယ့် ဟိုတယ်တော်တော်များများကတော့ အခန်းပြည့်နေတာတွေ့ရတယ်။ ကံကောင်းလို့ပဲ ကျွန်တော်တို့ မနေ့ညက ဟိုတယ်တစ်ခုမှာ အခန်းကြိုတင်ယူနိုင်ခဲ့တယ်၊ ဒါပေမယ့် ခက်ခဲတဲ့အခြေအနေတစ်ခုပါပဲ။” ဟု ဆိုသည်။
အသက် ၆၀ အရွယ် ပြင်သစ်ပန်းချီဆရာမတစ်ဦးဖြစ်သူ ကာရိုး အိုဒီလီကလည်း သူမသည် ဖလောရက်စ်ကျွန်းရှိ ကိုမိုဒိုနဂါး (Komodo dragons) များကို သွားရောက်ကြည့်ရှုရန် သူငယ်ချင်းတစ်စုနှင့်အတူ အားတက်သရောလာခဲ့သော်လည်း လေယာဉ်ခရီးစဉ်ဖျက်သိမ်းကြောင်း အကြောင်းကြားစာရရှိခဲ့သည်ဟု ဆိုသည်။
“မီးတောင်ပေါက်ကွဲတဲ့သတင်းကို မသိခဲ့လို့ မနေ့မနက် လေဆိပ်ကိုရောက်တဲ့အခါမှပဲ ကျွန်မတို့လေယာဉ်ခရီးစဉ် နောက်ကျနေတာကို သိလိုက်ရတယ်။ စိတ်ပျက်မိပေမယ့် ကျွန်မတို့အဖွဲ့ကတော့ အကောင်းမြင်စိတ်ရှိနေကြတုန်းမို့လို့ ဖလောရက်စ်ကျွန်းကို မကြာခင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူမက AFP သို့ ပြောကြားသည်။
ဂျာကာတာမြို့ရှိ ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် လေဆိပ် ၄ ခုထက်မနည်းသည် တနင်္လာနေ့နံနက်ပိုင်းမှ ညနေ ၆:၀၀ နာရီအထိ လေဆိပ်ပိတ်ချိန် ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်လုပ်ငန်းလည်ပတ်ရေးအဖွဲ့ အန်ကာဆာ ပူရာ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ချက်အရ သိရသည်။
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ခရီးစဉ်နှစ်မျိုးလုံး ပြေးဆွဲပေးနေသည့် အသေးစားလေဆိပ်တစ်ခုဖြစ်သော ဟာလင် ပါဒါနာကူဆူမာလေဆိပ်သည်လည်း ဆက်လက်ပိတ်ထားမည်ဖြစ်သည်။
ဆူမားတြားတောင်ပိုင်းရှိ အခြားလေဆိပ်အသေးစားတစ်ခုမှာမူ တနင်္လာနေ့ နံနက် ၉:၀၀ နာရီမှစတင်၍ လုပ်ငန်းများပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ခြိမ်းခြောက်မှုအန္တရာယ် မြင့်မားနေဆဲ
တနင်္လာနေ့ နံနက်ပိုင်းတစ်ခုတည်းမှာတင် မီးတောင်ပြာများကြောင့် ပြည်တွင်းနှင့် ပြည်ပလေကြောင်းခရီးစဉ်ပေါင်း ၂၄၀ ကျော် ဖျက်သိမ်းခြင်း သို့မဟုတ် နောက်ကျခြင်းများရှိခဲ့ပြီး ခရီးသည် ၃၀,၀၀၀ နီးပါး သက်ရောက်မှုရှိခဲ့ကြောင်း ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ထားသည်။
“ဒီအခြေအနေဟာ ခရီးသည်တွေရဲ့ ခရီးသွားလာမှုအစီအစဉ်အပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် လေဆိပ်ကို ယာယီပိတ်လိုက်ရတဲ့အချိန်ကစပြီး ခရီးသည်တွေရဲ့ လိုအပ်ချက်တွေကို ဆက်လက်ဖြည့်ဆည်းပေးနိုင်ဖို့ အဓိကအာရုံစိုက် ဆောင်ရွက်နေပါတယ်” ဟု လေဆိပ်ပြောရေးဆိုခွင့်ရှိသူ ယု ဒစ်စသီရာဝန်က ပြောကြားသည်။
တနင်္လာနေ့ နံနက်ပိုင်းအထိ မီးတောင် ထပ်မံပေါက်ကွဲနိုင်ခြေ မြင့်မားနေဆဲဖြစ်ကြောင်း နိုင်ငံ၏ ဘူမိဗေဒအေဂျင်စီက သတိပေးထားသည်။
Ref: bangkokpost.com
ယနေ့ခေတ်
မီးတောင်ပေါက်ကွဲမှုကြောင့် ဂျာကာတာလေဆိပ်ပိတ်ချိန် ထပ်မံတိုးမြှင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်