ရန်ကုန်၊ စက်တင်ဘာ ၆
ပြည်နယ်နေရာအချို့အတွင် လာမည့် ၂၄ နာရီအတွင်း မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ကာယာပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နေရာအနှံ့အပြားနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း စသည့်နေရာများတွင် မိုးကြီးနိုင်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာ စိုင်းခွန်အာကာမှ ယနေ့နေ့လည် ၂ နာရီကျော်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
စက်တင်ဘာ ၅ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်စန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရပ်ကွက်အချို့တွင် နမ့်လတ်ချောင်းရေများဝင်ရောက်ကာ အိမ်ထောင်စု ၂၀၀ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ရှင်မဖြူကျွန်း၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပိုက်သည်၊ အပေါက်ဝ၊ မြောက်ဦး၊ ယိုးတရုတ်၊ ရသေ့တောင်၊ အငူမော်၊ ကုန်တန်းရွာ၊ ဝံလက်ကျွန်း၊ မြင်းလွှတ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တပ်တောင်၊ ရွာမ၊ ကင်းတောင်၊ တောင်ကုတ် စသည့်မြို့များတွင်လည်း မိုးကြီးနိုင်ကြောင်း သိရသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလမှ ယနေ့ နေ့လည် ၂ နာရီက ထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်ခန့်မှန်းချက်အရ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ဒေါက်တာ စိုင်းခွန်အာကာ
ယနေ့ခေတ်
ပြည်နယ်အချို့တွင် လာမည့် ၂၄ နာရီအတွင်း မိုးကြီးနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်