ရန်ကုန်၊ စက်တင်ဘာ ၈
စစ်တွေမြို့၊ အ.ထ.က (၄) ၊ ဗာစာရာရွာ၊ စီမံကိန်းရုံး၊ ဝန်းကြီးအိမ်ရာတို့တွင် စက်တင်ဘာ ၈ ရက်၊ နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ စစ်တွေမြို့၊ အ.ထ.က.(၄) ကျောင်းတွင် တက်ရောက်နေ့သည့် ကျောင်းသားများကို ယနေ့ နေ့လည်ပိုင်းမှစ၍ ယာယီကျောင်းပိတ်ထားသည်ဟု အသိပေးထားကြောင်း သိရသည်။
“ပထမအလုံးက ကျောင်းနောက်က ကွင်းပြင်ကြီးထဲကိုကျတာ။ အ.ထ.က (၄) စာသင်းကျောင်းထဲကို ကျတာတော့မဟုတ်ဘူး။ ကျောင်းဝန်းထဲကျရင်တော့ ကျောင်သားတွေအကုန်ထိခိုက်သွားမှာ။ ဗုံးကလည်း မြေကြီးထဲကျသွားတာဆိုတော့ တော်သေးတယ်။ ကျောင်းက ကလေးတွေကို ပြန်လွှတ်လိုက်တယ်။ အပြီးတော့မပိတ်ဘူး။ မနက်ဖြန်မှ ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာကို သိရမှာပါ။” ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ဒီမနက်ကျလာတာ ငါးလုံးလောက်တော့ရှိမယ်။ ဒါပေမဲ့ တမနက်လုံးတော့ အသံတွေကြားနေရတယ်။ ကျတဲ့နေရာတွေများတယ်။ သိရတဲ့နေရာတွေက ဗာစာရာရွာက (ကုလားရွာ) လို့ခေါ်တဲ့နေရာရယ်။ စီမံကိန်းရုံးမှာ သုံးလုံးကျတာ။ ပထမတစ်လုံးကျတုန်းက ထွက်မပြေးကြသေးဘူး။ နောက်တစ်လုံးကျမှ ထွက်ပြေးကြတာ။ ဝန်ကြီးအိမ်ရာမှာတော့ ကျတယ်ပဲကြားတာ။ ဘယ်လောက်ကျတယ်ဆိုတာတော့ မသိသေးဘူး။” ဟု ၎င်းက ထပ်မံပြောကြားသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကုန်စိမ်းအချို့၊ အသားနှင့် ငါးအချို့လည်း စျေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ပလက်ဝမြို့၊ ကျောက်ကြီးကျေးရွာတို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ နီးပါးရှိခဲ့ပြီး၊ ပြင်းထန်ဒဏ်ရာရှိခဲ့သူ ၂၀ ကျော်ရှိကာ၊ နေအိမ်အလုံး ၅၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီကလည်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀ နီးပါရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းမှစတင်ပြီး အစိုးရတပ်နှင့် AA တို့ တကြော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်တွင်မြို့နယ် ၁၇ ခုရှိသည့်အနက် ပလက်ဝအပါ အဝင် မြို့နယ် ၁၅ ခုကို AA က ထိန်းချုပ်ထားကြောင်း သိရသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် တိုက်ပွဲများပြင်းထန်မှုရှိနေပြီး၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများသွားလာရန် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- ဒေသခံ
ယနေ့ခေတ်
စစ်တွေမြို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အ.ထ.က.(၄) ယာယီပိတ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်