ရန်ကုန်၊ စက်တင်ဘာ ၁၀
မြန်မာနိုင်ငံ၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ္ဘာ့အကြီးဆုံး ခဲမဖြူသတ္တုတွင်းကြီးများထဲမှ တစ်ခုဖြစ်သည့် မန်းမော်သတ္တုတွင်းသည် ၂၀၂၃ ခုနှစ်ကတည်းက လုပ်ငန်းများရပ် ဆိုင်းထားရာမှ ယခုအခါ ပြန်လည်စတင်နေပြီဖြစ်ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုများကို တိုးမြှင့်လုပ်ဆောင်နေပြီဖြစ်ကြောင်း သုတေသနအဖွဲ့တစ်ခုက ကြာသပတေးနေ့တွင် ပြောကြားသည်။
ခဲမဖြူသည် မိုက်ခရိုချစ်ပ်များကို ပတ်လမ်းဘုတ်ပြားများတွင် ဂဟေဆော်ကပ်ရန်နှင့် ဒေတာစင်တာများရှိ အခြားအီလက်ထရွန်နစ်ပစ္စည်းများကို တစ်ခုနှင့်တစ်ခုချိတ်ဆက်ရန်အ တွက် အသုံးပြုရသဖြင့် AI စက်မှုလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံအရှေ့ပိုင်း ‘ဝ’ပြည်နယ်ရှိ မန်းမော်သတ္တုတွင်းသည် ၂၀၁၀ ပြည့်လွန်နှစ်များအတွင်း ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်၏ အရေးပါသော အချက်အချာနေရာတစ်ခုအဖြစ် ရုတ်တရက်ပေါ်ထွက်လာခဲ့ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့တတိယအကြီးဆုံး ခဲမဖြူထုတ်လုပ်သည့်နိုင်ငံနှင့် တရုတ်နိုင်ငံအတွက် အကြီးမားဆုံး တင်ပို့သူဖြစ်လာစေခဲ့သည်။
အဆိုပါဒေသကို ထိန်းချုပ်ထားသည့် အင်အားကြီးသော ‘ဝ’ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က သတ္တုတွင်းကို ရုတ်တရက်ပိတ်လိုက်ခြင်းသည် AI နည်းပညာ အရှိန်အဟုန်ဖြင့်ထိုးတက်လာချိန်နှင့် တိုက်ဆိုင်နေခဲ့ရာ ခဲမဖြူဈေးနှုန်းများ မြင့်တက်သွားစေခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင်လည်း ထိုသတ္တုကို အလုအယက်ရှာဖွေခဲ့ကြရသည်။
သို့သော်လည်း နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) က သတ္တုတွင်းလုပ်ငန်းများသည် “ဖြည်းဖြည်းချင်း ပြန်လည်စတင်” နေပြီဖြစ်ကြောင်း ပြောကြားသည်။
“သတ္တုရိုင်းတွေ ပြန်လည်ရွှေ့ပြောင်းနေပြီဖြစ်တယ်” ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း “ထုတ်လုပ်မှုပမာဏကတော့ လုပ်ငန်းများမရပ်ဆိုင်းမီက အဆင့်ထက် များစွာလျော့နည်းနေသေးတယ်” ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့ခဲ့သည့် ခဲမဖြူသတ္တုရိုင်းနှင့် သတ္တုအနှစ်ပမာဏ သည် တန်ချိန် ၄၀,၀၀၀ နီးပါးရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ်တစ်ခုလုံး၏ စုစုပေါင်းတင်ပို့မှုပမာဏထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ၏ အစီရင်ခံစာအရ အလွန်ကြီးမားလှသော မန်းမော်သတ္တုတွင်းဝန်းကျင်တွင် “အဆောက်အအုံသစ်ကြီးများ ဆောက်လုပ်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင်တွေ့ရသည်” ဟု ဆိုသည်။
ထို့အပြင် “လုပ်ငန်းများရပ်ဆိုင်းလိုက်ပြီးနောက် သတ္တုတွင်းဝန်းကျင်၌ ညဘက်မီးထွန်းလင်းမှုမှာ သိသိသာသာ လျော့နည်းသွားခဲ့သော်လည်း ယခုအခါတွင် ယခင်ကကဲ့သို့ အရှိန်ပြန်ရောက်လာပြီဖြစ်ကြောင်း” ဖော်ပြထားရာ ၎င်းအချက်ကလည်း လုပ်ငန်းလှုပ်ရှားမှုများ ပိုမိုတိုးတက်လာနေခြင်းကို ပြသနေသည်။
ထုတ်လုပ်မှုပမာဏမှာ မန်းမော်သတ္တုတွင်း၏ အမြင့်ဆုံးအချိန်က ရလဒ်များနှင့်ယှဉ်လျှင် ဝေးကွာနေသေးသည်။
ဘေဂျင်း၏ အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ခဲမဖြူသတ္တုရိုင်းနှင့် သတ္တုအနှစ်တန်ချိန် ၅၀၀,၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ယင်းပမာဏမှာ တရုတ်နိုင်ငံ၏ အလားတူသွင်းကုန်စုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။
သို့သော်လည်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ၏ အာရှရေးရာ အဆင့်မြင့်အကြံပေး ရစ်ချက် ဟိုဆေးက အဆိုပါသတ္တုတွင်း၌ “ပုံမှန်ဖြစ်သော်လည်း ညီညာမှုမရှိသည့် လုပ်ငန်းတိုးမြှင့်လုပ်ဆောင်မှုများ” ရှိနေကြောင်း အထောက်အထားများတွေ့ရသည်ဟု AFP သို့ ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ AI နည်းပညာအတွက် အရေးပါသော ရင်းမြစ်များကိုရရှိရန် နိုင်ငံတကာက အလုအယက်ကြိုးပမ်းနေကြချိန်တွင် လုပ်ငန်းများ မည်မျှပင်နှေးကွေးစွာ ပြန် လည်စတင်သည်ဖြစ်စေ ကြီးမားကျယ်ပြန့်သော ရိုက်ခတ်မှုများ ရှိလာနိုင်ခြေရှိသည်။
မရေရာလှသော ကမ္ဘာ့ထောက်ပံ့မှုအခြေအနေနှင့် ဒေတာစီမံဆောင်ရွက်ရာတွင်အသုံးပြုသည့် မိုက်ခရိုချစ်ပ်ထုတ်လုပ်မှု အရှိန်အဟုန်ဖြင့် ထိုးတက်လာခြင်းတို့ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ခဲမဖြူဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့သည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အရှေ့ဘက် ‘ဝ’ဒေသကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်က မန်းမော်သတ္တုတွင်းသို့ သွားရောက်ခွင့်နှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ သတင်းအချက်အလက်များကို အလွန်အမင်း တင်းကျပ်စွာ ကန့်သတ်ပိတ်ပင်ထားသည်။
‘ဝ’ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ကမ္ဘာ့အကြီးဆုံး အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်မှုကြောင့် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ရေရှည်ခံထားရသည့် သမိုင်းကြောင်းရှိသည်။
‘ဝ’ပြည်နယ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ဒဏ်မှ အတော်အတန် ကင်းလွတ်နေနိုင်ခဲ့ခြင်းမှာ ၎င်းတို့အပေါ် တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံပြုမှုနှင့် စီးပွားရေးအရ ချိတ်ဆက်မှုများကြောင့်ဖြစ်ကြောင်း သုံးသပ်သူများက ပြောကြားကြသည်။
၂၀၂၃ ခုနှစ်တွင် မန်းမော်သတ္တုတွင်းကို ပိတ်သိမ်းခဲ့ခြင်းမှာ လက်နက်ကိုင်ပဋိပက္ခကြောင့်မဟုတ်ဘဲ ‘ဝ’မျိုးနွယ်စုခေါင်းဆောင်များအကြား အာဏာလုပွဲကြောင့် ဖြစ်နိုင်ခြေများကြောင်း ICG က ဆိုသည်။
သို့သော်လည်း အဆိုပါသတ္တုတွင်းများအတွင်း ရေလျှံမှုများနှင့် အရည်အသွေးမြင့်သတ္တုရိုင်းသိုက်များ ကုန်ခမ်းလာခြင်းတို့အပါအဝင် အကျိုးအမြတ်ရရှိရန် စိန်ခေါ်မှုများနှင့် ရင် ဆိုင်ရနိုင်သေးကြောင်း အဆိုပါအဖွဲ့အစည်းက ပြောကြားသည်။
Ref: bangkokpost.com
Photo: nssmy.com
ယနေ့ခေတ်
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်