ဘန်ကောက်၊ ဇွန် ၁၈
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကရထုမ့်ဘယ်(န်)မြို့၊ ခယ်ရိုင်ကျေးရွာအုပ်စုရှိ ကုမ္ပဏီတစ်ခုကို ဇွန် ၁၅ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီက ထိုင်းလုံခြုံရေးတပ်ဖွဲ့များက သတင်းအရဝင်ရောက်စစ်ဆေးရာ တရားမဝင်မြန်မာ ၇၂ ဦးဖမ်းမိခဲ့ကြောင်း Bangkok Post သတင်းအရ သိရသည်။
“တိုင်ကြားစာရရှိပြီးနောက် သက်ဆိုင်ရာခရိုင်အဖွဲ့တွေပူးပေါင်းကာ စမွတ်ဆာခေါခရိုင်၊ ကရထုမ့်ဘယ်(န်)မြို့၊ ခယ်ရိုင်ကျေးရွာအုပ်စုရှိ ကုမ္ပဏီတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ဖြစ်ပါတယ်။ အဲဒီမှာ တရားမဝင်မြန်မာလုပ်သား ၇၂ ဦးကို စိစစ်တွေ့ရှိပြီး သက်ဆိုင်ရာက အရေးယူမှုအတွက်ဆောင်ရွက်လျက်ရှိပါတယ်။” ဟု ထိုင်းရောက်ရွှေပြောင်းမြန်မာလုပ်သားကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ တရားမဝင်မြန်မာလုပ်သားများသည် ကုမ္ပဏီအတွင်း ဝင်ရောက်လုပ်ကိုင်နေခြင်းနှင့်စပ်လျဥ်းပြီး သက်ဆိုင်ရာက ရှောင်တခင်စစ်ဆေးခဲ့ရာ နေထိုင်ခွင့်အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မတွေ့ရှိခြင်းကြောင့် မြန်မာလုပ်သား ၇၂ ဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရက အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ၊ အလုပ်ခွင့်ပါမစ်ကုန်ဆုံးသည့် မြန်မာအလုပ်သမားများကို ဥပဒေအရခွင့်ပြုချက်မရှိဘဲ တရားမဝင်အလုပ်လုပ်ကိုင်ကြောင့် အရေးယူစွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – Bangkok Post
Bangkokpost.com
ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား ၇၂ ဦး ဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်