ရန်ကုန်၊ မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာတွင် မေ ၂၉ ရက်၊ ညနေ ၅ နာရီက မြစ်ရေမြင့်တက်ကာ လှိုင်းလုံးကြီးမှုကြောင့် မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေမြင့်တက်ကာ လှိုင်းလုံးများရိုက်ခတ်ခြင်းကြောင့် မြစ်ကမ်းပါးပြိုကျပြီး ဒေါ်ညိမ်းကျေးရွာ၊ ဗန္ဓာပင်ကျေးရွာ၊ ခါးပြတ်ကျေးရွာနှင့် သရက်ပင်ဆိပ်ကျေးရွာတို့ရှိ လူနေအိမ်များ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
“မုန်တိုင်းငယ်ဝင်ရောက်လို့ လှိုင်းလုံးကြီးပြီး လူနေအိမ်အချို့ ပြိုပျက်ကျခဲ့တယ်။ ပင်လယ်ရေလှိုင်းဒဏ်ကြောင့် ကမ်းပါးပြိုကျတယ်။ ဒါ့အပြင် လူနေအိမ်အချို့လဲ ပြိုပျက်သွားပါတယ်။ သောင်ပြင်မှာဆောက်ထားတဲ့ တချို့အိမ်တွေဆိုလည်း အိမ်လုံးကျွတ်ရေထဲမျောကြတယ်” ဟု ဒေါ်ညိမ်းကျေးရွာနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာတွင် မေ ၂၇ ရက်မှ မေ ၂၉ ရက်ထိ သုံးရက်ကြာ အဆက်မပြတ်မိုးရွာသွန်းခြင်းကြောင့် ခါးပြတ်ကျေးရွာတွင် ရေလှိုင်းများဖြစ်ပေါ်ကာ မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုငးဒေသကြီး၊ ဘိုကလေးမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စုနှင့် ရေကျော်ကြီးကျေးရွာတို့တွင် ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်များရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ဖျာပုံတွင် မြစ်ရေမြင့်တက်လာခြင်းကြောင့် မြစ်ကမ်းပါးပြိုကျပြီး လူနေအိမ်အချို့ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်