ပါရီ၊ ဇွန် ၁
ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် PSG ဗိုလ်စွဲပြီး ဂုဏ်ပြုအောင်ပွဲခံရာမှ လူနှစ်ဦးသေဆုံးပြီး ရာနှင့်ချီသောပရိသတ်များ ဖမ်းဆီးခံခဲ့ရကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ပြင်သစ်အနောက်တောင်ပိုင်း Dax မြို့တွင် စနေနေ့ ညနေနှောင်းပိုင်းက အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံမီဒီယာများက ဖော်ပြသည်။
ပါရီမြို့လယ်တွင် စကူတာစီးနေသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ယာဉ်တိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း အစိုးရရှေ့နေရုံးက ပြောကြားသည်။
PSG ဘောလုံးအသင်းသည် ဥရောပကလပ်ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အကြီးကျယ်ဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် အသင်းပရိသတ်များက မီးရှူးမီးပန်းများပစ်လွှတ်ခြင်း၊ ဘတ်စ်ကားအမိုးအကာများကို ဖြိုဖျက်ခြင်း၊ ကားများကိုမီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအဖြစ်အပျက်တွင် လူ ၁၉၂ ဦးဒဏ်ရာရခဲ့ပြီး၊ ၅၅၉ ဦးကိုဖမ်းဆီးခဲ့ကာ၊ ရဲတပ်ဖွဲ့ဝင် ၂၂ ဦးနှင့် မီးသတ်သမား ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး ယာဉ် ၂၆၄ စီးမီးလောင်ခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
Dax မြို့တော်ဝန် Julien Dubois က “သေဆုံးသွားသူရဲ့ မိသားစုနှင့် သူငယ်ချင်းတွေဆီကိုပဲ စိတ်ထဲရောက်နေတယ်” ဟု ဆိုသည်။
Place des Ternes တွင် အရာဝတ္ထုများပစ်ချမှုကြောင့် ရဲအရာရှိနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပါရီအစိုးရရှေ့နေရုံးက BBC သို့ ပြောကြားသည်။ တစ်ချိန်တည်းတွင် Champs-Elysées ရှိ Foot Locker ဧရိယာအတွင်းတွင် ဆိုင်ခန်းအများအပြား လုယက်ခံရပြီး လူ ၃၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အဆိုပါရုံးက ပြောသည်။
မြို့တော်ရှိ Champs-Elysées ရိပ်သာလမ်းနှင့် PSG ၏ Parc des Princes အားကစားကွင်းအနီးတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း ပရိသတ်အများစုသည် လမ်းမများပေါ် တွင် သီချင်းဆိုကခုန်ခြင်း၊ ကားဟွန်းများတီးခြင်းတို့ဖြင့် ငြိမ်သက်စွာဂုဏ်ပြုခဲ့ကြသည်။
အီဖယ်မျှော်စင်ကို PSG ၏ အပြာရောင်နှင့် အနီရောင်တို့ဖြင့် အလှဆင်ထားသည်။ PSG ၏ပြိုင်ဘက် Olympique de Marseille ကိုအားပေးသူ ပြင်သစ်သမ္မတ မာခရွန်က “ PSG အတွက် ဂုဏ်ယူစရာကောင်းတဲ့နေ့တစ်နေ့ပါ။ ကျွန်တော်တို့အားလုံး ဂုဏ်ယူပါတယ်။” ဟု ဆိုသည်။
Ref: BBC
#ယနေ့ခေတ်
ချန်ပီယံလိဂ်တွင် PSG အသင်းဗိုလ်စွဲပြီးနောက် ပြင်သစ်တွင် လူနှစ်ဦးသေဆုံးပြီး ရာနှင့်ချီဖမ်းဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်