ငလျင်ဒဏ်ထိ အဆောက်အဦဖြိုချစဉ် ပြိုကျ၍ တစ်ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁

မန္တလေးမြို့တွင် မေလ ၃၁ ရက်နေက ငလျင်ဒဏ်ထိအဆောက်အဦကို လူအားဖြင့်ဖြိုချစဉ် ပြိုကျခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ လမ်း(၆၀)၊ (၂၅x၂၆)လမ်းကြားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသည့် RC(၄)ထပ်အဆောက်အဦအား လူအားဖြင့်ဖြိုချစဉ် အ ဆောက်အဦပြိုကျခဲ့ပြီး အလုပ်သမားများပိမိခဲ့ကာ တစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“တချို့မပြိုသေးတဲ့အဆောက်အဦတွေရှိတယ်။ ဒါပေမယ့် နေလို့မရတဲ့အနေအထားတွေပေါ့။ မိုးတွေရွာတဲ့အခါမှာ ငလျင်ဒဏ်ထိထားတဲ့ အဆောက်အဦတော်တော်များများက ပြိုကျသွားတာများတယ်။ မပြိုသေးတဲ့ဟာတွေဆိုရင် လူငှားပြီးဖြိုချရတာ။ အရမ်းအန္တရာယ်များတဲ့အနေအထားပေါ့။ မဖြိုနိုင်သေးတဲ့ အဆောက်အဦတွေလည်း အများကြီးကျန်သေးတယ်” ဟု ‌ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) အမျိုးတစ်ဦးတို့အား ၆ နာရီ မိနစ် ၂၀ အချိန်တွင် အပျက်အစီးများကြားမှ ထုတ်ယူနိုင်ခဲ့ပြီး အဖြူရောင်နှင်းဆီလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ် ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ပိမိနေသည့်အလုပ်သမားများကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ငလျင်ကြီးလှုပ်ပြီး နှစ်လကြာသည်အထိ မန္တလေးတိုင်းဒေသကြီး၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၃၀ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ပြီး ဒေသခံအများစုသည် ကယ်ဆယ်ရေးစခန်းများ၌ နေထိုင်နေရဆဲဖြစ်ပြီး အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – MRSF

#ယနေ့ခေတ်

ငလျင်ဒဏ်ထိ အဆောက်အဦဖြိုချစဉ် ပြိုကျ၍ တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.