ရန်ကုန်၊ ဇွန် ၁
ယခုနှစ် ကျောင်းအပ်ရာသီ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ကျောင်းသုံးဖတ်စာအုပ်များရရှိရန် ခက်ခဲနေကြကြောင်း ကျောင်းသားမိဘများ၏ပြောပြချက်အရ သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသုံးဖတ်စာအုပ်များကို လက်ဆင့်ကမ်းစနစ်ဖြင့် ကျင့်သုံးသွားမည်ဟု အသိပေးပြောကြားထားသော်လည်း ကျောင်းသား၊ ကျောင်းသူအများစုသည် ကျောင်းသုံးဖတ်စာအုပ်များ မရရှိကြောင်း၊ ထို့ကြောင့် ပြင်ပဈေးကွက်မှ ဈေးနှစ်ဆပေး၍ဝယ်ယူနေရကြောင်း သိရသည်။
“ ကလေးကို ကျောင်းသွားအပ်တာ ဖတ်စာအုပ်ကမရခဲ့ဘူး။ အသစ်နဲ့အဟောင်းကို မဲနှိုက်ရတာ။ အဟောင်းမဲပေါက်တော့ စာအုပ်မရှိလို့ နောက်နေ့မှယူလို့ပြောတယ်။ အဲဒီတော့ အ ပြင်ကနေပဲဝယ်လိုက်ရတာ။ အပြင်စာအုပ်ဆိုင်တွေကလည်း ကျောင်းတွေကမရမှန်းသိတော့ ဈေးတွေတင်ပြီးရောင်းကြတာ။ ကျောင်းအပ်တာနဲ့ ဖတ်စာအုပ်ကရသင့်တာ။ ဒီပုံစံအတိုင်းဆိုရင် မလွယ်ဘူး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျောင်းသုံးဖတ်စာအုပ်အပြင် အခမဲ့ထောက်ပံ့သည့် ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများလည်းမရရှိကြောင်း သိရသည်။
မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်အပ်လက်ခံနေပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းများပြန်ဖွင့်မည်ဖြစ်သည်။
#စုစု
ဓာတ်ပုံ – ယနေ့ခေတ်
#ယနေ့ခေတ်
ကျောင်းအပ်နှံရာတွင် ကျောင်းသုံးဖတ်စာအုပ်များရရှိရန် ခက်ခဲနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်