ရန်ကုန်၊ ဇွန် ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နေအရာအချို့တွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်လာမှုကြောင့် လူဦးရေ ၁၅၀၀ ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
မေလ ၃၁ ရက်နေ့မှစ၍ မြစ်ကြီးနားမြို့ နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ဧရာဝတီမြစ်ရေများ ဝင်ရောက်လာမှုကြောင့် အိမ်ခြေ ၅၀၀ နီးပါး၊ လူဦးရေ ၁၅၀၀ ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
“လောလောဆယ် ခန့်မှန်းသလောက်ဆိုရင် အိမ်ခြေက ၄၀၀ ၊ ၅၀၀ လောက်ရှိမယ်။ မြေနိမ့်ပိုင်းတွေမှာပေါ့နော်။ လူဦးရေနဲ့ဆို ၁၅၀၀ လောက်ကျော်မယ်ဗျ။ နီးစပ်ရာတွေကို ပြောင်းရွှေ့ထားပါတယ်။ ရေက စိုးရိမ်ရေအမှတ်တော့ လောလောဆယ်မကျော်သေးဘူး။ ရပ်နေတယ်လို့ပြောရမယ်။ မနှစ်ကတော့ စိုးရိမ်ရေအမှတ်ကို ကျော်ခဲ့တယ်။” ဟု ဒေသခံလူမှုကူညီရေးအသင်းတစ်ခုမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ မြင့်ငြမ်းအေး၊ မြို့သစ်ကြီး၊ လယ်ကုန်းရပ်ကွက် စသည့်နေရာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ယမန်နေ့က ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေခမြစ်ရေများဝင်ရောက်ခဲ့ပြီး ဒေသခံနေအိမ်များအပါအဝင် စစ်ဘေးရှောင်နေရသည့် စစ်ရှောင်စခန်းအချို့ပါ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
မိုး/ဇလ၏ ယနေ့နံနက်ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားတွင် စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲခန့် ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်၊ မေခမြစ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ လူဦးရေသောင်းချီကာ ရေဘေးလွတ်သို့ ပြောင်းရွှေ့နေခဲ့ရကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-မိုးဆက်သစ်လူမှုကူညီရေးအသင်း
#ယနေ့ခေတ်
မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွား လူဦးရေ ၁၅၀၀ ကျော် ရေဘေးလွတ် ရာသို့ ပြောင်းရွေ့နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်