မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေ

ရန်ကုန်၊ ဇွန် ၂

ယနေ့မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် နောက်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် သတိပေးထားသည်။

“ အခုကတော့ အိမ်တွေထဲရေတွေစဝင်နေပြီ။ မိုးက တစ်ရက်မှမတိတ်ဘူး။ တောက်လျှောက်ရွာတာ။ ဒီတိုင်းဆက်ရွာနေရင် မလွယ်ဘူး။ အခုတောင် ဘေးလွတ်ရာကိုစရွှေ့နေရပြီ။ စစ်ဘေးရှောင်လိုက် ရေဘေးရှောင်လိုက်နဲ့ ဘဝက မအေးချမ်းနိုင်ဘူး။” ဟု မြစ်ကြီးနားမြို့ရှိ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြစ်ကြီးနားမြို့၏ မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေများစတင်ဝင်ရောက်လာပြီး စက်လှေများဖြင့် သွားလာနေရပြီဖြစ်ကြောင်း၊ လက်ရှိတွင် မြစ်ကြီးနားမြို့၌ မိုးရွာသွန်းဆဲဖြစ်ပြီး မြစ်ရေမြင့်တက်လာမှု ပိုမိုဆိုးရွားလာနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လကလည်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားတစ်မြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.