ရန်ကုန်၊ ဇွန် ၄
တိုက်ပွဲများကြောင့် ၁၀ လကြာပိတ်ထားခဲ့ရသည့် လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ဇွန် ၃ ရက်နေ့မှစတင်ပြီး ပုံမှန်ဘဏ်ဖွင့်ရက်အချိန်များ၌ ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပြီး ပင်စင်သမားများကိုလည်း ပင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ ဘဏ်ဝန်ဆောင်မှုက ရနေပြီ။ သတ်မှတ်ထားတဲ့ရက်အတိုင်း ပင်စင်သမားတွေကိုလည်း ပင်စင်ထုတ်ပေးသွားမယ်ပြောတယ်။ အဲဒီမှာမှ တိုက်ပွဲတွေကြောင့် မထုတ်ပေးခဲ့တဲ့ ကာလတွေအတွက်ပါ ပေါင်းပြီးထုတ်ပေးသွားမယ်လို့သိရတယ်။ အခြေအနေကတော့ ငြိမ်ပါတယ်။ လက်ရှိအချိန်ထိတော့။ ဒါပေမယ့် ခိုးဆိုးလုနှိုက်တွေတော့ ပေါလာတယ်။” ဟု လားရှိုးမြို့နေ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သို့ရာတွင် ဆက်သွယ်ရေးဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ နှောင့်နှေးကြန့်ကြာမှု အခက်အခဲဖြစ်ပေါ်ခြင်းကို နားလည်ပေးကြရန် ကြိုတင်အသိပေးထားသည်။
ထို့ပြင် ပြီးခဲ့သည့်မေလအတွင်းကလည်း လာရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကညနနှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမျကိုလည်း မကြာခင်ဖွင့်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – နေမျိုး
#ယနေ့ခေတ်
လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်လုပ်ငန်းများစတင်ဆောင်ရွက်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်