ရန်ကုန်၊ ဇွန် ၆
မန္တလေးရှိ ငလျင်ဒဏ်သင့်အဆောက်အဦးများကို ဖြိုဖျက်နေစဉ် တိုက်ပိသေဆုံးသူ အများအပြားရှိနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
မန္တလေးမြို့တွင် အင်အားပြင်းငလျင်ထိခိုက်ခံရသည့် အဆောက်အအုံများကို စက်ယန္တရားအပြင် ယန္တရားလိုအပ်ချက်အရသော်လည်းကောင်း၊ ငွေကြေးအရသော်လည်းကောင်း မတတ်နိုင်သည့်အတွက် နေ့စားအလုပ်သမားများကို တစ်ရက် ကျပ်တစ်သိန်းဖြင့် ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ တစ်ယောက်ကို တစ်ရက်တစ်သိန်းနဲ့ တိုက်တွေကိုဖြိုချဖို့ လူတွေခေါ်ကြတယ်။ တစ်ရက်တစ်သိန်းဆိုတော့ လုပ်ကြတယ်။ သူတို့က လူအင်အားနဲ့ဖြိုချတာ။ မိုးရွာထားတော့ တိုက်တွေက ဖြိုချနေတဲ့အရှိန်နဲ့ ရုတ်တရက်ပြိုကျပြီး အုတ်ပိပြီးသေကြတာ။ အဲဒါနေ့တိုင်းပဲ။ ဒီသတင်းကို ဘယ်သူမှမထုတ်ရဲဘူး။” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်။
မေ ၃၁ ရက်နေ့က အောင်မြေသာစံမြို့နယ်၊ လမ်း(၆၀)၊ (၂၅x၂၆)လမ်းကြားရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ထားသည့် RC(၄)ထပ်အဆောက်အဦအား လူအင်အားဖြင့်ဖြိုချစဉ် အဆောက်အဦပြိုကျခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သလို မေလ ၃၀ ရက်နေ့တွင်လည်း မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ဖြိုချလက်စတိုက်ပြိုကျပြီး အလုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ-MFSD
#ယနေ့ခေတ်
ငလျင်ဒဏ်သင့်အဆောက်အဦးများ ဖြိုဖျက်နေစဉ် တိုက်ပိသေဆုံးသူများပြား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်