လော့စ်အိန်ဂျလိစ်၊ ဇွန် ၇
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တစ်ခွင် လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များက လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။
ယမန်နေ့က လော့စ်အိန်ဂျလိစ်တွင် ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးစစ်ဆေးမှုကို ဆန္ဒပြဆန့်ကျင်မှုပြုလုပ်ရာတွင် ဆန္ဒပြသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။
သောကြာနေ့အစောပိုင်းတွင် အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြပ်မတ်ရေး(ICE) အေးဂျင့်များသည် လော့စ်အိန်ဂျလိစ်မြို့တလွှား ဖမ်းဆီးစစ်ဆေးမှုအတွင်း လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ICE အေးဂျင့်များသည် လော့စ်အိန်ဂျလိစ်တောင်ပိုင်းရှိ ဖက်ရှင်အထည်ဆိုင်၊ အထည်ဂိုဒေါင်အပါအဝင် နေရာအများအပြားကို ဝင်ရောက်စီးနင်းခဲ့ကြောင်း Los Angeles City News Service မှ သိရသည်။
လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ အကျဉ်းသားအချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟုယူဆရသည့် အကျဉ်းထောင် အပြင်ဘက်ရှိ Edward R. Roybal Federal Federal အဆောက်အအုံတွင် ကန့်ကွက်ဆန္ဒပြသည့်လူအုပ်ကြီး၏ စီးနင်းမှုအား ရဲတပ်ဖွဲ့ကတုံ့ပြန်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးစစ်ဆေးမှုတွင် ပါဝင်ခြင်းမရှိသော လော့စ်အိန်ဂျလိစ်ရဲဌာနမှအရာရှိများအား ဆန္ဒပြမှုကိုချေမှုန်းရန် ဆင့်ခေါ်ခဲ့သည်။ သောကြာနေ့ညတွင် နံပါတ်တုတ်များနှင့် မျက်ရည်ယိုဗုံးများကိုင်ဆောင်ကာ အာဏာပိုင်များက လူစုခွဲရန်အမိန့်ပေးခဲ့ပြီးနောက် ရဲဌာနမှအရာရှိများနှင့် ကန့်ကွက်ဆန္ဒပြသည့်လူအုပ်တို့ ထိတ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။
ဆန္ဒပြသူအချို့သည် လော့စ်အိန်ဂျလိစ်ရဲဌာနမှ အရာရှိများထံ ကွန်ကရစ်အကျိုးအပဲ့များနှင့် ပစ်ပေါက်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် ငရုတ်ကောင်းမှုန့်များဖြင့် တုံ့ပြန်ခဲ့သည်။
လော့စ်အိန်ဂျလိစ်ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ Drake Madison က အခင်းဖြစ်ပွားရာနေရာရှိရဲများသည် တရားမ၀င်စုဝေးမှုအဖြစ်ကြေညာခဲ့ပြီး အဆိုပါနေရာမှထွက်ခွာရန် ပျက်ကွက်သူများကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာနကို ပြောကြားသည်။
Ref: Aljazeera
#ယနေ့ခေတ်
လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးမှုများကြောင့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်