ဘန်ကောက်၊ ဇွန် ၇
လွန်ခဲ့သည့်သီတင်းတစ်ပတ်ကဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီး အခြေအနေများငြိမ်သက်နေချိန်တွင် ကမ္ဘောဒီးယားနှင့်နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များအားလုံး ဖွင့်လှစ်ခြင်းနှင့် ပိတ်ခြင်းတို့ကို ထိုင်းစစ်တပ်က ထိန်းချုပ်သွားမည်ဟု ထိုင်းစစ်တပ်က စနေနေ့တွင် ပြောကြားသည်။
ကမ္ဘောဒီးယားသည် နယ်စပ်တွင် တပ်ဖွဲ့ဝင်များနှင့် စစ်ဘက်သုံးပစ္စည်းများဖြင့် အားဖြည့်ထားကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။
နယ်နိမိတ်မျဉ်းမရှိသေးသည့် Ubon Rathchathani ၌ မေလ ၂၈ ရက်က ကမ္ဘောဒီးယားစစ်သားတစ်ဦးကျဆုံးခဲ့သော တိုက်ပွဲအပြီးတွင် နှစ်နိုင်ငံအစိုးရများသည် တွေ့ဆုံဆွေးနွေးရန် ကတိကဝတ်ပြုချက်များကို ရက်အတန်ကြာ ထိန်းသိမ်းခဲ့ကြသည်။
သို့သော် ကမ္ဘောဒီးယားသည် အငြင်းပွားနယ်မြေများမှ တပ်ဖွဲ့ဝင်များရုပ်သိမ်းရန် ထိုင်းနိုင်ငံ၏တောင်းဆိုမှုကို ပယ်ချခဲ့ပြီးနောက် ထိုင်းနိုင်ငံသည် ၎င်း၏ကာကွယ်ရေးကို အား ကောင်းစေရန် လုပ်ဆောင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဖမ်သမ် ဝချ်ရာချိုင်းက စနေနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ Sa Kaeo ပြည်နယ်၊ Aranyaprathet ခရိုင်တွင် ကြာသပတေးနေ့က မစ္စတာ ဖမ်သမ်နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် Tea Seiha တို့ တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၈ ရက် တိုက်ပွဲများဖြစ်ပွားသည့်ဒေသမှ ကမ္ဘောဒီးယားတပ်ဖွဲ့များရုပ်သိမ်းရန် ထိုင်းနိုင်ငံ၏တောင်းဆိုချက်ကို ပယ်ချခဲ့ကြောင်း ဖနွမ်းပင်ပို့စ်သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ကြာသပတေးနေ့က Sa Kaeo တွင်ကျင်းပသည့် အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည့် အချက်အလက်အချို့သည် အဖြစ်မှန်နှင့်ကွဲလွဲနေကြောင်း လုံခြုံရေးရေးရာတာဝန်ခံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဖမ်သမ်က စနေနေ့က ပြောကြားသည်။
“ထိပ်တိုက်ရင်ဆိုင်မှုတွေ လျှော့ချဖို့နဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ရည်ရွယ်တဲ့ ကျွန်တော်တို့ရဲ့အဆိုပြုချက်ကို ပယ်ချခဲ့တာ ဝမ်းနည်းစရာပါပဲ” ဟု မစ္စတာ ဖမ်သမ်က ဆိုသည်။
ဒါ့အပြင် ကမ္ဘောဒီးယားစစ်တပ်က အင်အားဖြည့်တင်းမှုတွေ တိုးလုပ်လာတယ်။ အကျိုးဆက်အနေနဲ့ ထိုင်းတော်ဝင်အစိုးရအနေနဲ့ လိုအပ်တဲ့အစီအမံတွေကို လုပ်ဆောင်ဖို့နဲ့ ကျွန် တော်တို့ရဲ့စစ်ရေးအနေအထားကို လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ယူဆပါတယ်ဟု ၎င်းကဆိုသည်။ နှစ်ဖက်တပ်များ၏ အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိပေ။
ကမ္ဘောဒီးယားစစ်သားများနှင့် အရပ်သားများသည် ထိုင်းနယ်မြေအတွင်းသို့ အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားသည်။
“ဒီလိုရန်စမှုတွေနဲ့ စစ်အင်အားတွေ စုဆောင်းတာက အင်အားသုံးဖို့ ပြတ်သားတဲ့ ရည်ရွယ်ချက်ကို ညွှန်ပြနေပါတယ်” ဟု မစ္စတာ ဖမ်သမ်က ပြောကြားပြီး၊ ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ်ရှိ စစ်ဆေးရေးဂိတ်များအားလုံးကို ထိန်းချုပ်သွားမည်ဟု ၎င်းကဆိုသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ၎င်းတို့၏ ၈၁၇ ကီလိုမီတာရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက် အချုပ်အခြာအာဏာကို ရာစုနှစ်တစ်ခုကျော် အငြင်းပွားခဲ့ကြသည်။
Ref: Bangkok Post
#ယနေ့ခေတ်
ထိုင်းစစ်တပ်က နယ်စပ်စစ်ဆေးရေးဂိတ်များကို ထိန်းချုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်