ရန်ကုန်၊ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ၄၃ လမ်းရှိ အထပ်မြင့်တိုက်ခန်းတစ်ခုတွင် ဇွန် ၈ ရက်၊ နံနက် ၁၁ နာရီက မီးခိုးငွေ့ကြောင့် အသက်ရှုပ်ကြပ်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၄၃ လမ်းရှိ အထပ်မြင့်တိုက်ခန်းတစ်ခုတွင် အဲယားကွန်းဖွင့်၍ အိပ်ပျော်နေသည့် အမျိုးသမီးနှစ်ဦးသည် ဟင်းအိုးတူးပြီးထွက်ရှိလာသော မီးခိုးငွေ့ကြောင့် အသက်ရှုကြပ်ကာ သေ ဆုံးရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
“ သေဆုံးနေတဲ့ နေအိမ်ခန်းထဲမှာ အဲယားကွန်းဖွင့်ပြီးအိပ်ပျော်နေတဲ့ အမျိုးသမီးနှစ်ဦးက ဟင်းအိုးတည်ထားတယ်။ အဲဒီဟင်းအိုးကနေ တူးပြီးထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် သေဆုံးခဲ့ကြတာပါ။ ဟင်းအိုးချက်ပြီး မီးမပိတ်မိလို့ ဖြစ်တာလို့ ယူဆလို့ရပါတယ်” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးခိုးငွေ့ကြောင့် သေဆုံးသူအမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို စံပြဂျပန်ဆေးရုံသို့ ဘိုကလေးစျေး ပရဟိတအသင်းနှင့် အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းတို့က ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်၊ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် မီးစက်အခိုးငွေ့ကြောင့် မိသားစုဝင်လေးဦးနှင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင် သေဆုံးခဲ့သေးကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ဗိုလ်တထောင်တွင် မီးခိုးငွေ့ကြောင့် အသက်ရှုကြပ်ပြီး အမျိုးသမီးနှစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်