မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် ဟုဆို

ရန်ကုန်၊ ဇွန် ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိစာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း မီဒီယာများ၏မေးမြန်းချက်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေကြားထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံးအသုံးပြုသွား မည်ဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

“ သူတို့ထုတ်ပြန်တဲ့ ၂၆၅ မြို့ထက်တောင် ပိုရင်ပိုနိုင်တယ်။ မန္တလေးလည်းလုပ်လို့ရသလို စစ်ကိုင်းဆိုလည်းရတယ်။ ရှမ်းမြောက်ဘက်လည်းရတယ်။ သူတို့ပြောတဲ့မြို့တွေကပြည့်တယ်။ လုပ်လို့ရတဲ့နယ်မြေများတယ်။ ဒါပေမယ့် နယ်မြေဒေသအခြေအနေပေါ်မူတည်ပြီးလုပ်မှာပေါ့။ အပိုင်းလိုက်ခွဲပြီးလုပ်မယ်ဆိုရင် ရန်ကုန်နဲ့ နေပြည်တော်မှာ အရင်လုပ်မယ့်သဘောရှိတယ်။” ဟု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ တိုင်းဒေသကြီးနဲ့ ပြည်နယ်များတွင် သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်များသတ် မှတ်ပေးမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သလို၊ ပြည်သူများအနေဖြင့်လည်း မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားသည့်မဲရုံများတွင် မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်သို့ အနယ်နယ်အရပ်ရပ်မှ စစ်ရှောင်လာသည့် လူဦးရေအရေအတွက်ကိုလည်း စာရင်းကောက်ယူနေပြီး သက်ဆိုင်ရာပြည်နယ်အလိုက် မဲပေးခွင့်ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အခု ရန်ကုန်ကိုစစ်ရှောင်လာတဲ့သူတွေရှိတယ်။ သူတို့ရဲ့စာရင်းကိုကောက်ယူနေတယ်။ အဲဒါက မဲပေးဖို့အတွက်။ ရခိုင်ကစစ်ရှောင်လာတယ်ဆိုရင် ရခိုင်ပြည်နယ်ကိုယ်စားပြုဝင်ပြိုင်တဲ့သူတွေကို မဲပေးခွင့်ရအောင်ပေါ့” ဟု သာကေတမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးက ယနေ့ခေတ်သို့ ပြောသည်။

နယ်မြေဒေသအခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲ၍ကျင်းပရန်လျာထားပြီး ရွေးကောက်ပွဲကျင်းပမည့်ရက်များကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – UEC

#ယနေ့ခေတ်

မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.