ဂျာကာတာ၊ ဇွန် ၁၇
ဆော်ဒီအာရေဗျနိုင်ငံမှ ဟဂ်ျဘုရားဖူးရာပေါင်းများစွာကို တင်ဆောင်လာသော လေယာဉ်တစ်စင်းသည် ဗုံးဖြင့်တိုက်ခိုက်မည်ဟုခြိမ်းခြောက်သည့် အီးမေးလ်တစ်စောင် အာဏာ ပိုင်များရရှိပြီးနောက် အင်္ဂါနေ့ (ဇွန် ၁၇ ရက်) တွင် လမ်းကြောင်းပြောင်းသွားခဲ့ရကြောင်း အင်ဒိုနီးရှားလေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။
အင်ဒိုနီးရှားလေဆိပ်အော်ပရေတာသို့ အီမေးလ်မှတဆင့် အမည်မသိလူတစ်ဦးပေးပို့သော ဗုံးခြိမ်းခြောက်မှုနှင့်ပတ်သက်သည့် အစီရင်ခံစာကို လက်ခံရရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နံနက် ၇ နာရီ ၃၀ မိနစ် (စင်္ကာပူစံတော်ချိန် နံနက် ၇ နာရီ ၃၀ မိနစ်) က လက်ခံရရှိသော အီးမေးလ်တွင် ဆော်ဒီ နိုင်ငံ၊ ဂျဒ်ဒါမြို့မှ အင်ဒိုနီးရှားမြို့တော်၊ ဂျကာတာသို့ ပျံသန်းနေသည့် Saudia လေကြောင်းလိုင်း ခရီးစဉ်အမှတ် SV 5276 ကို ပေါက်ကွဲစေမည်ဟု ခြိမ်းခြောက်မှုများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျကာတာ၏ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ဒိုနီးရှားအနောက်ပိုင်း ဆူမာတြားကျွန်းရှိ မီဒန်မြို့မှ Kualanamu အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၀ နာရီတွင် လေယာဉ်လမ်းကြောင်းပြောင်းခဲ့သည်ဟု လေယာဉ်မှူးက ပြောကြားသည်။
အဆိုပါလေယာဉ်တွင် အမျိုးသား ၂၀၇ ဦးနှင့် အမျိုးသမီး ၂၃၅ ဦးအပါအဝင် ဟဂ်ျဘုရားဖူး ၄၄၂ ဦးကိုတင်ဆောင်လာကြောင်း လေယာဉ်မှူးက ထပ်လောင်းပြောကြားသည်။
“ခြိမ်းခြောက်မှုအား လက်ခံရရှိပြီးနောက် ခရီးသည်များဘေးကင်းရေးလုံခြုံရေးအတွက် လေယာဉ်မှူးသည် အနီးဆုံးလေဆိပ်သို့ လမ်းကြောင်းပြောင်းဆင်းသက်ရန် ဆုံးဖြတ်ခဲ့သည်” ဟု InJourney Airports မှ အင်ဒိုနီးရှားလေ ဆိပ်အော်ပရေတာက ပြောကြားသည်။
လေယာဉ်သည် မီဒန်မြို့တွင်ရှိနေဆဲဖြစ်ပြီး Flightradar24 က လေယာဉ်သည် ထိုနေရာတွင်တည်ရှိနေကြောင်း ပြသနေသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက AFP ကိုပြောသည်။
လေဆိပ်သည် ဘုရားဖူးသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဗုံးရှင်းလင်းရေးတပ်ဖွဲ့က လေယာဉ်ပေါ်တွင် ဖောက်ခွဲရေးပစ္စည်းများရှိ/မရှိ စစ်ဆေးခဲ့ကြောင်း လေကြောင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: CNA
#ယနေ့ခေတ်
ဗုံးခွဲမည်ဟု ခြိမ်းခြောက်မှုကြောင့် ဆော်ဒီလေယာဉ်တစ်စီး ဂျကာတာလေဆိပ်မှ လမ်းကြောင်းပြောင်းခဲ့ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်