ဂါဇာတွင် အစ္စရေးတင့်ကား၏ ပစ်ခတ်မှုကြောင့် ၅၁ ဦးသေဆုံး

ဂါဇာ၊ ဇွန် ၁၇

ဇာကမ်းမြှောင်တောင်ပိုင်း၊ ခန်ယူနစ်တွင် အင်္ဂါနေ့(ဇွန် ၁၇)က အစ္စရေးတင့်ကား၏ ပစ်ခတ်မှုကြောင့် ကယ်ဆယ်ရေးထရပ်ကားများကို စောင့်ဆိုင်းနေသည့် ပါလက်စတိုင်းလူမျိုး ၅၁ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ခန်ယူနစ်အရှေ့ဘက်လမ်းမကြီးတစ်လျှောက် အကူအညီပေးရေးထရပ်ကားများကို စောင့်မျှော်နေသော ပါလက်စတိုင်းလူအုပ်ကို အစ္စရေးတင့်ကားက အမြှောက်ကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောကြားသည်။

အနည်းဆုံး လူ ၅၁ ဦးသေဆုံးကာ ၂၀၀ ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် အနည်းဆုံး ၂၀ မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း ၎င်းတို့ကပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး အစ္စရေးစစ်တပ်က ချက်ချင်းမှတ်ချက်မပေးခဲ့ပေ။ ကယ်ဆယ်ရေးထရပ်ကားများကို စောင့်မျှော်နေသည့် လူထောင်ပေါင်းများစွာကို အစ္စရေးတင့်ကားက အနည်းဆုံး အမြှောက်ကျည်နှစ်ခုနှင့် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

နတ်ဆာဆေးရုံတွင် ဒဏ်ရာရလူနာများဖြင့် ပြည့်ကျပ်နေပြီး လူနာများအတွက် နေရာမရှိခြင်းကြောင့် မြေပြင်နှင့် စင်္ကြံများတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက နေရာချထားပေးရသည်။

လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်း(GHF)၏ နေရာများအပါအဝင် အကူအညီစောင့်ဆိုင်းနေသော ပါလက်စတိုင်းများ အစုလိုက်အပြုံလိုက်သေဆုံးမှု နေ့စဉ်ဖြစ်ပေါ်နေခဲ့သည်။

ဂါဇာကမ်းမြှောင်တောင်ပိုင်း၊ ရာဖာရှိ GHF အကူအညီပေးရေးဌာနအနီးတွင် တနင်္လာနေ့က အစ္စရေး၏ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။

GHF သည် ၎င်း၏ဖြန့်ဖြူးရေးနေရာလေးခုတွင် မတော်တဆမှုမရှိဘဲ အစားအစာသုံးသန်းကျော်ကို ဖြန့်ဝေခဲ့ကြောင်း တနင်္လာနေ့နှောင်းပိုင်းက သတင်းထုတ်ပြန်ထားသည်။

တနင်္လာနေ့ကဖြစ်ပွားခဲ့သော ပစ်ခတ်မှုသတင်းများနှင့်ပတ်သက်ပြီး အစ္စရေးစစ်တပ်က ချက်ချင်းမှတ်ချက်မပေးခဲ့ချေ။

ယခင်ဖြစ်ရပ်များတွင် ကယ်ဆယ်ရေးစခန်းများအနီးတွင် အစ္စရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ကြောင်း ရံဖန်ရံခါ အသိအမှတ်ပြုခဲ့ပြီး အကြမ်းဖက်မှုကိုလှုံ့ဆော်ခြင်းကြောင့်ဟု ပါလက်စတိုင်းများကို အပြစ်တင်ခဲ့သည်။

ထောက်ပံ့ကူညီမှုအများအပြားကို ဂါဇာကမ်းမြောင်ဒေသသို့ ခွဲဝေပေးသည်ကို ခွင့်ပြုပေးရန် အစ္စရေးတပ်တွင်တာဝန်ရှိပြီး၊ အစ္စရေးတပ်ဖွဲ့ဝင်များ ထိန်းသိမ်းထားသော နေရာများတွင်လည်း GHF ၏ လုပ်ငန်းလည်ပတ်မှုကို ခွင့်ပြုပေးရန် တာဝန်ရှိသည်။

GHF ဖြန့်ဖြူးမှုသည် လုံလောက်မှုမရှိကြောင်း၊ အန္တရာယ်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အမေရိကန်၏မဟာမိတ် အစ္စရေး၏ စစ်ရေးအရချေမှုန်းမှုကြောင့် ပါလက်စတိုင်း ၅၅,၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုသည် နိုင်ငံတကာ တရားမျှတမှုတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံးတွင် စစ်ရာဇဝတ်မှုကျူးလွန်မှုများအဖြစ် စွဲချက်တင်ခံထားရသည်။ အစ္စရေးက အဆိုပါစွပ်စွဲမှုများကို ငြင်းဆိုထားသည်။

Ref: CNA

#ယနေ့ခေတ်

ဂါဇာတွင် အစ္စရေးတင့်ကား၏ ပစ်ခတ်မှုကြောင့် ၅၁ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.