ရန်ကုန်၊ ဇွန် ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် စစ်ဘေးရှောင်လူဦးရေ ၅၀၀၀ နီးပါး စားနပ်ရိက္ခာများပြတ်လပ်လာ၍ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် နစကတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံစစ်ဘေးရှောင်လူဦးရေ ၅၀၀၀ နီပါး စားနပ်ရိက္ခာများပြတ်လပ်လာ၍ အခက်အခဲများရှိနေကြောင်း စစ်ရှောင်နေသူတစ်ဦးထံမှ သိရသည်။
“ကျွန်တော်တို့စစ်ရှောင်နေရတာ ဧပြီလထဲကစပြီးရှောင်ကြတာ။ နန့်ယားကနေစစ်ရှောင်တာ လေးထောင်၊ ငါးထောင်လောက်ရှိမယ် လူဦးရေက။ စစ်ရှောင်ရတာမလွယ်ပါဘူးဗျာ။ လမ်းတွေကပိတ်လို့ ကုန်စည်တွေကပြတ်။ ကုန်စျေးတွေကကြီးလားနဲ့ အခက်အခဲတွေက တစ်နယ်လုံး လူပေါင်းများစွာ ကြုံနေရတယ်။” ဟု စစ်ရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့တို့တွင် အိမ်ခန်းငှါးခများ စျေးတက်လာ၍ စစ်ဘေးရှောင်များအချို့ နေရာထိုင်ခင်းများလည်း အခက်အခဲများရှိနေကြောင်း သိရသည်။
“အခုဆို ဖားကန့်နယ်ကနေ စစ်ရှောင်တွေပါဆင်းလာတဲ့အတွက် မြစ်ကြီးနားနဲ့ မိုးညှင်းမှာ အိမ်ခန်းငှါးခတွေက စျေးတက်လာတယ်။ တစ်သိန်းတောင်းတဲ့သူက တစ်သိန်းခွဲတောင်းတယ်။ ငါးသိန်းတောင်းတဲ့သူက ခြောက်သိန်း၊ ခုနှစ်သိန်းပေါ့။ အလုပ်တွေကလည်း ချက်ခြင်းရှာလို့မရတော့ ရေရှည်အိမ်ငှါးနေဖို့ဆိုတာလည်း မလွယ်ပါဘူး။” ဟု စစ်ရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကာမိုင်းနှင့် နန့်ယားကြားမှစ၍ လုံးခင်းလယ်ပြင်၊ ကျောက်ဖျာရွာနှင့် မအူပင်ရွာအထိ လမ်းပန်းဆက်သွယ်မှုများ ပိတ်ဆို့ထားကြောင်း သိရသည်။
နန့်ယားကျေးရွာမှ တောထဲသို့ တစ်လကျော်အကြာ စစ်ရှောင်နေရသည့် စစ်ဘေးရှောင်အချို့တွင် ငှက်ဖျားရောဂါကာကွယ်ဆေးဝါးများလည်း အရေးပေါ်လိုအပ်နေကြောင်း သိရ သည်။
“တောထဲစစ်ရှောင်နေရတာ အခက်အခဲတွေနဲ့ပါ။ မိုးတွင်းဆို ခြင်ကိုက်ဖြုတ်ကိုက်နဲ့ဆိုတော့ ဖျားတာ၊ နာတာကအစရှိတော့ ဆေးဝါးတွေလည်းလိုတာပေါ့နော်။ တောထဲမှာတော့ ငှက်ဖျားဆေးထောက်ပံ့ပေမယ့်သူလည်းမရှိတော့ ပိုခက်ခဲတာပေါ့နော်။ နန့်ယားနယ်က ဖားကန့်နယ်လို အတက်အဆင်းကလည်းလုပ်လို့မရတော့ ဖားကန့်နယ်ထက် ပိုပြီးခက်ခဲတယ်။” ဟု စစ်ရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါတိုက်ပွဲများကြောင့် နန့်ယားကျေးရွာတွင် လမ်းပန်းဆက်သွယ်မှုများနှင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေကြောင်း သိရသည်။
ဇွန်လ ၁၇ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်စီစာကျေးရွာတွင် နစကတပ်နှင့် KIA ပူပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းထန်းနေခြင်းကြောင့် ဒေသခံအချို့ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းခန့် ရှိသည်ဟု OCHA Myanmar မှ ထုတ်ပြန်ထားချက်အရ သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ
#ယနေ့ခေတ်
ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာမှ စစ်ဘေးရှောင် ၅၀၀၀ နီးပါး အခက်အခဲများကြုံတွေ့နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်