ဂျေရုဆလင်၊ ဇွန် ၁၈
အီရန်နိုင်ငံသည် ခြွင်းချက်မရှိလက်နက်ချရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တောင်းဆိုခဲ့သော်လည်း အီရန်နှင့် အစ္စရေးတို၏ လေကြောင်းစစ်ပွဲသည် ဇွန် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခြောက်ရက်မြောက် အပြန်အလှန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
အီရန်ဘက်မှ ဒုံးကျည်နှစ်စင်း အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားပြီး ဗုဒ္ဓဟူးနေ့နံ နက်ပိုင်းတွင် တဲလ်အဗစ်မြို့၌ ပေါက်ကွဲသံများကြားရသည်။
တီဟီရန်အနောက်တောင်ပိုင်းဒေသရှိ ဒေသခံများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ်က ပြောကြားပြီးနောက် အီရန်စစ်တပ်၏ စစ်အခြေစိုက်စခန်းများကို တိုက် ခိုက်ခဲ့သည်။
အောက်တိုဘာလက အစ္စရေး၏လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်ဖြစ်သည့် တီဟီရန်အနီးရှိ Khojir ပဲ့ထိန်းဒုံးကျည်စခန်းကို အစ္စရေးကတိုက်ခိုက်ခဲ့ပြီး၊ နိုင်ငံ၏အရှေ့ဘက်ရှိ အီရန်တော်လှန်ရေးအစောင့်တပ်များနှင့် ချိတ်ဆက်ထားသော တက္ကသိုလ်တစ်ခုကိုလည်း ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ကြောင်း အီရန်သတင်းဝက်ဘ်ဆိုက်များက ဖော်ပြခဲ့သည်။
အမေရိကန်အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက အီရန်သည် အရှေ့အလယ်ပိုင်းတွင် ပဲ့ထိန်းဒုံးကျည်အရေအတွက် အများဆုံးကိုင်ဆောင်ထားကြောင်း ပြောကြားခဲ့သည်။ အီရန်က ၎င်း၏ပဲ့ထိန်းဒုံးကျည်များသည် အမေရိကန်၊ အစ္စရေးနှင့် အခြားသောဖြစ်နိုင်ချေရှိသည့် ဒေသတွင်းပစ်မှတ်များကို တိုက်ခိုက်ရန် အရေးကြီးသော လက်တုံ့ပြန်တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ကြောင်း ပြောကြားသည်။
အမေရိကန်၏စိတ်ရှည်မှုမှာ နည်းပါးလာသည်ဟု အင်္ဂါနေ့တွင် ၎င်း၏ဆိုရှယ်မီဒီယာမှတဆင့် ထရမ့်ကသတိပေးခဲ့သည်။ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီကိုလုပ်ကြံရန် ရည်ရွယ်ချက်မရှိဟု ပြောကြားနေသော်လည်း သူ၏ရန်လိုသည့်မှတ်ချက်များက အမေရိကန်၏ပါဝင်ပတ်သက်မှုနှင့်ပတ်သက်ပြီး အီရန်အပေါ် ပိုမိုပြင်းထန်သည့် သဘော ထားကို နက်နက်ရှိုင်းရှိုင်းဖော်ပြနေသည်။
“အဓိပတိခေါင်းဆောင်လို့ခေါ်တဲ့သူ ဘယ်မှာပုန်းနေတယ်ဆိုတာ အတိအကျသိပါတယ်” ဟု Truth Social တွင် ထရမ့်ကရေးသားခဲ့သည်။ သူ့ကို ဖယ်ရှားရှင်းလင်းပစ်မှာမဟုတ်ဘူး၊ အနည်းဆုံးတော့ လောလောဆယ်တော့မဟုတ်ဘူး။ ငါတို့ရဲ့ စိတ်ရှည်သည်းခံမှုက နည်းလွန်းတယ်။” ဟု ထရမ့်က ဆိုသည်။
သုံးမိနစ်အကြာတွင် “ခြွင်းချက်မရှိလက်နက်ချပါ” ဟု ထရမ့်က ၎င်း၏ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
တစ်ခါတစ်ရံ ထရမ့်၏ရှေ့နောက်မညီသည့် အသိရခက်သောသဘောထားများသည် သူ၏မဟာမိတ်အစ္စရေးနှင့် ကာလကြာရှည်ရန်ဘက် အီရန်တို့ကြား ပဋိပက္ခအကျပ်အတည်း နှင့်ပတ်သက်ပြီး မရေရာမှုများကို နက်ရှိုင်းစေသည်။
ထရမ့်၏မှတ်ချက်များသည် စစ်ရေးခြိမ်းခြောက်မှုများမှ သံတမန်ရေးရာကိစ္စများအထိ အမျိုးမျိုးရှိနေခဲ့ပြီး နိုင်ငံခြားရေးမူဝါဒကို မကြာခဏမှားယွင်းစွာ ချဉ်းကပ်လေ့ရှိသည့် သမ္မတတစ်ဦးအတွက် အဆန်းမဟုတ်ပေ။
အီရန်နျူကလီးယားပစ်မှတ်နေရာများကို တိုက်ခိုက်ရာတွင် အစ္စရေးနှင့်ပူးပေါင်းခြင်းအပါအဝင် ရွေးချယ်စရာအများအပြားကို ထရမ့်နှင့် ၎င်း၏အဖွဲ့ကစဉ်းစားနေကြောင်း ဆွေး နွေးမှုများနှင့်နီးစပ်သည့် ပြည်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။
ထရမ့်သည် အင်္ဂါနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့် ဖုန်းဖြင့်စကားပြောခဲ့သည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားသည်။
ပဋိပက္ခကိုဆွေးနွေးရန်အတွက် အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ထရမ့်သည် အမျိုးသားလုံခြုံရေးကောင်စီနှင့် မိနစ် ၉၀ ကြာတွေ့ဆုံခဲ့ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းမသိရှိရသေးချေ။
အမေရိကန်သည် အရှေ့အလယ်ပိုင်းတွင် တိုက်လေယာဉ်များ ပိုမိုဖြန့်ကျက်ချထားပြီး အခြားသောစစ်လေယာဉ်များလည်း တိုးချဲ့ချထားကြောင်း အမေရိကန်အရာရှိသုံးဦးက Reuters သို့ ပြောကြားသည်။ အမေရိကန်သည် အီရန်နှင့်ပဋိပက္ခတွင် ယခုအချိန်အထိ သွယ်ဝိုက်သောလုပ်ရပ်များကိုသာ လုပ်ဆောင်ခဲ့ပြီး အစ္စရေးဘက်သို့ပစ်လွှတ်သော ဒုံးကျည်များကို ပစ်ချရန်သာ ကူညီပေးခဲ့သည်။
အီရန်သည် ပဲ့ထိန်းဒုံးကျည်အချို့ကို ရွှေ့ပြောင်းထားသည်ဟု အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက ပြောကြားသော်လည်း ၎င်းတို့သည် အမေရိကန်တပ်များ သို့မဟုတ် အစ္စရေးကို ပစ်မှတ်ထားခြင်းရှိ/မရှိ ဆုံး ဖြတ်ရန်ခက်ခဲသည်။
ကနေဒါတွင်ပြုလုပ်သည့် G 7 ထိပ်သီးဆွေးနွေးပွဲတွင် ဗြိတိန်ခေါင်းဆောင် ကီရာ စတားမာက ထရမ့်သည် အစည်းဝေးခန်းမှ စောစောထွက်ခွာသွားခဲ့သော်လည်း အမေရိကန် သည် ပဋိပက္ခအတွင်းသို့ဝင်ရောက်မည့် အရိပ်အယောင်မရှိဟု ပြောကြားသည်။
#CNA
#ယနေ့ခေတ်
အီရန်နိုင်ငံသည် ခြွင်းချက်မရှိလက်နက်ချရမည်ဟု သမ္မတထရမ့် တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်