အစိုးရအဖွဲ့စာရင်း ပြုစုပြီးပါပြီ၊ အရည်အချင်းတွေကို သုံးသပ်နေပါတယ်ဟု ထိုင်းဝန်ကြီးချုပ် ဆို

ဘန်ကောက်၊ ဇွန် ၂၄

ထိုင်း၀န်ကြီးချုပ် ပေတုံတန်က ဒုတိယမြောက် အစိုးရအဖွဲ့စာရင်း ပြုစုပြီးပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ တော်ဝင်ထောက်ခံမှုကိုမရယူမီ လျာထားခံရသူ ဝန်ကြီးအဖွဲ့စာရင်းကို အပြီးသတ်ပြီးဖြစ်ကာ အမည်စာရင်းတင်သွင်းထားသောဝန်ကြီးများ၏ အရည်အချင်းများကို စိစစ်နေကြောင်း ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားသည်။

အပတ်စဉ် ကက်ဘိနက်အစည်းအဝေးအပြီး သတင်းထောက်များအားပြောကြားရာတွင် ပေတုံတန်က ညွန့်ပေါင်းပါတီများအားလုံးမှ ခေါင်းဆောင်များသည် ၎င်းတို့အဆိုပြုထားသောဝန်ကြီးစာရင်းများကို တင်ပြခဲ့ကြပြီး နောက်တစ်ဆင့်မှာ အရည်အချင်းစစ်ဆေးမှုလုပ်ငန်းစဉ်ဖြစ်ကြောင်း ပြောကြားသည်။

စိစစ်မှုလုပ်ငန်းစဉ် မည်မျှကြာမည်ကို မသေချာသော်လည်း အစိုးရအဖွဲ့ အတွင်းဝန်ရုံးမှ စစ်ဆေးမှုများပြီးသည်နှင့် တော်ဝင်ထောက်ခံချက်အတွက် ဝန်ကြီးအဖွဲ့စာရင်းသစ်ကို တင်သွင်းမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

“တချို့နာမည်တွေကိုစိစစ်ဖို့ ပို့ပြီးပြီ၊ အခု စာရင်းပြီးသွားပြီ” ဟု ပေတုံတန်က ပြောသည်။ သူမကိုနုတ်ထွက်ပေးရန် ပီရာပန်၏တောင်းဆိုမှုကို ဝန်ကြးချုပ်က ငြင်းဆိုထားသည်။

United Thai Nation ပါတီခေါင်းဆောင် ပီရာပန်၏ သူမအားရာထူးမှနုတ်ထွက်ပေးရန်တောင်းဆိုသည့် သတင်းများကို သူမကပယ်ချခဲ့သည်။

“ဒါက မမှန်ပါဘူး။ အားလုံးပြေလည်သွားပါပြီ၊ ဒါကြောင့် အဲဒီသတင်းတွေက မမှန်ပါဘူး။ ကျွန်မတို့ပြောပြီးပြီ၊ ညွန့်ပေါင်းခေါင်းဆောင်တွေက ကျွန်မကိုဆက်ပြီးထောက်ခံတယ်၊ ဆွေးနွေးမှုတွေလည်းကောင်းတယ်” ဟု ပေတုံတန်က ပြောသည်။ ပေတုံတန်က ညွန့်ပေါင်းအဖွဲ့အားကောင်းနေဆဲဟု ဆိုသည်။

Bhumjaithai ပါတီနုတ်ထွက်ပြီးနောက် ညွန့်ပေါင်းအဖွဲ့သည် မဟာမိတ်မဟုတ်သည့် လွှတ်တော်အမတ်များထံမှ ထောက်ခံမှုရယူမည်လားဟု မေးမြန်းရာတွင် သူမ၏ညွန့်ပေါင်းသည် လွှတ်တော်တွင် အများစုအားကောင်းနေဆဲဖြစ်ကြောင်း ဖြေကြားသည်။

ကာကွယ်ရေးဝန်ကြီးရာထူးအတွက် မေးမြန်းရာတွင် ပေတုံတန်က အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ပြီး တော်ဝင်ခွင့်ပြုချက်မရရှိမီ စည်းမျဉ်းပိုင်းကိုဆွေးနွေးရန် သင့်လျော်မည်မဟုတ်ကြောင်း ပြောကြားသည်။

သို့သော်လည်း သူမကိုယ်တိုင်က ကာကွယ်ရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ လက်ရှိကာကွယ်ရေးဝန်ကြီး Phumtham Wechayachai သည် အခြေအနေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စွမ်းရှိဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

Ref: nationthailand.com

#ယနေ့ခေတ်

အစိုးရအဖွဲ့စာရင်း ပြုစုပြီးပါပြီ၊ အရည်အချင်းတွေကို သုံးသပ်နေပါတယ်ဟု ထိုင်းဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.