ဘာလီကျွန်းတွင် ကူးတို့သင်္ဘောနစ်မြုပ် လေးဦးသေဆုံးပြီး ဒါဇင်နဲ့ချီပျောက်ဆုံးနေ

ဘာလီ၊ ဇူလိုင် ၃

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကူးတို့သင်္ဘောနစ်မြုပ်ပြီးနောက် အနည်းဆုံး လူလေးဦးသေဆုံးပြီး ဒါဇင်နဲ့ချီပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

ခရီးသည် ၅၃ ဦးနှင့် အမှုထမ်း ၁၂ ဦးတင်ဆောင်သွားခဲ့သည့် ကူးတို့သင်္ဘောသည် ဂျာဗားကျွန်းအရှေ့ဘက်ကမ်းရိုးတန်းရှိ Banyuwangi မှ ဘာလီသို့ထွက်ခွာလာစဉ် ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၂၃ နာရီ ၂၀ မိနစ်တွင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီရုံးမှပြောကြားသည်။

အသက်ရှင်ကျန်ရစ်သူ ၃၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အေဂျင်စီကပြောကြားခဲ့ပြီး ရှာဖွေမှုများဆက်လက်လုပ်ဆောင်နေကြောင်း၊ နစ်မြုပ်ရသည့်အကြောင်းရင်းကို အာဏာ ပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ကူးတို့သင်္ဘောမနစ်မြုပ်ခင် ကူးတို့အော်ပရေတာက အင်ဂျင်ပြဿနာကိုသတင်းပို့ခဲ့ပြီး ရာသီဥတုဆိုးရွားနေခြင်းကလည်း အကြောင်းရင်းတစ်ခုဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ ပြောကြားသည်။

အသက်ရှင်ကျန်ရစ်သူအများစုမှာ ကမ်းရိုးတန်းမြို့ Banyuwangi တွင်နေထိုင်သူများဖြစ်ပြီး အခြားသူများသည် ဂျာဗားကုန်းတွင်းပိုင်းဒေသများမှ လာသူများဖြစ်ကြောင်း အာ ဏာပိုင်များကထုတ်ပြန်သောစာရင်းအရ သိရသည်။

သမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် ဆော်ဒီအာရေးဗီးယားသို့ တရားဝင်သွားရောက်လည်ပတ်နေရာမှ အရေးပေါ်တုံ့ပြန်မှုချက်ချင်းလုပ်ဆောင်ရန် အမိန့်ပေးခဲ့သည်။

Antara သတင်းဌာနမှထုတ်ဝေသည့် ဓာတ်ပုံများတွင် လူနာတင်ယာဉ်များ အသင့်အနေအထားရှိကာ၊ လမ်းဘေးတွင် နောက်ဆုံးရသတင်းများကို စောင့်ဆိုင်းနေသူများအား တွေ့ရှိရသည်။

ကျွန်းပေါင်း ၁၇,၀၀၀ ခန့်ရှိသည့် ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် ရေကြောင်းမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ မတ်လအတွင်းကလည်း ဘာလီကျွန်းတွင် လူ ၁၆ ဦးလိုက်ပါလာသည့် လှေတစ်စင်းတိမ်းမှောက်ပြီးနောက် သြစတြေးလျအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

Ref: BBC

#ယနေ့ခေတ်

ဘာလီကျွန်းတွင် ကူးတို့သင်္ဘောနစ်မြုပ် လေးဦးသေဆုံးပြီး ဒါဇင်နဲ့ချီပျောက်ဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.