ပေကျင်း၊ ဇူလိုင် ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးမူဝါဒများကို ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့တွင် တရုတ်ဒုသမ္မတက သိမ်မွေ့စွာထောက်ပြခဲ့သည်။
တရုတ်ဒုတိယသမ္မတ Han Zheng က ဘေဂျင်းမြို့ရှိ Tsinghua တက္ကသိုလ်တွင်ပြုလုပ်သည့် (၁၃) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် အကောက်ခွန်နှင့် ကုန်သွယ်ရေးစစ်ပွဲများတွင် အောင်နိုင်သူရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။
နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင် အနှောင့်အယှက်များကို ရှောင်ရှားရန် အဓိကသော့ချက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝါရှင်တန်နှင့် နိုင်ငံများအကြား အကောက်ခွန်ဆိုင်ရာညှိနှိုင်းမှုအပြီးသတ်ရန် နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၉ ရက်မတိုင်မီ ၎င်း၏မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒုသမ္မတဟန်သည် ယခုနှစ်ဖိုရမ်၏ဆောင်ပုဒ်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုတိုးတက်ရေးဆိုင်ရာ အဆိုပြုချက်လေးချက်ကို ချမှတ်ခဲ့သည်။ သမိုင်းကြောင်းမှသင်ယူခြင်းနှင့် နိုင်ငံတကာစည်းမျဉ်းကို လုံခြုံစေခြင်း၊ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု တိုးတက်စေခြင်း၊ ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် ခေတ်မီတိုးတက်ခြင်းဆီသို့ ချီတက်ခြင်းတို့ဖြစ်သည်။
ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် တရုတ်နိုင်ငံသည် အဓိကအင်အားစုအဖြစ်ရှိသည်ဟု ၎င်းကဆိုသည်။
“ယနေ့ မငြိမ်မသက်မှုများ တိုးပွားလာနေသောကမ္ဘာကြီးတွင် သက်ဆိုင်သူများအားလုံး မျှဝေတာဝန်ယူရမည်” ဟု ၎င်းကဆိုသည်။ “နိုင်ငံတကာအငြင်းပွားမှုများအတွက် စစ်အင်အားသည် ကောင်းမွန်သောဖြေရှင်းချက်မဟုတ်ပေ။ ၎င်းသည် အမုန်းတရားများကို မီးထိုးပေးရုံသာမက ကွဲပြားမှုကို နက်ရှိုင်းစေပါတယ်။ ကျွန်ုပ်တို့ဟာ တောတွင်းဥပဒေသို့ ပြန်မသွားရပါဘူး ဒါမှမဟုတ် တစ်ဖက်သတ်လွှမ်းမိုးမှုကို လက်ခံခြင်းမပြုရပါဘူး။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ကွာဟချက်ကြီးမားလာမည့် ခြိမ်းခြောက်မှုအပြင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ မညီမျှမှုများနှင့် ပတ်သက်၍လည်း ၎င်း၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတကာမှ ဂုဏ်သရေရှိသူများ၊ နိုင်ငံတကာ မဟာဗျူဟာလေ့လာသူများနှင့် ပညာရှင်များအပါအဝင် ၁၂၀၀ ခန့်တက်ရောက်ခဲ့သည်။
Ref: CNA
#ယနေ့ခေတ်
အကောက်ခွန်နှင့် ကုန်သွယ်ရေးစစ်ပွဲများတွင် အောင်နိုင်သူရှိလိမ့်မည်မဟုတ်ဟု တရုတ်ဒုသမ္မတ ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်