ဘန်ကောက်၊ ဇူလိုင် ၂၆
ထိုင်းနှင့် ကမ္ဘောဒီးယားတို့ ဇူလိုင် ၂၆ ရက်၊ စနေနေ့တွင် သုံးရက်ကြာတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးသူ ၃၃ ဦးအထိ မြင့်တက်လာခဲ့သည်။
ကြာသပတေးနေ့တွင် ဂျက်လေယာဉ်များ၊ အမြောက်များ၊ တင့်ကားများနှင့် မြေပြင်တပ်များပါဝင်သည့် ပြင်းထန်သောပဋိပက္ခများဖြစ်ပွားခဲ့ပြီး သောကြာနေ့တွင် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပရန် တွန်းအားပေးခဲ့သည်။
နယူးယောက်တွင်ပြုလုပ်သော သောင်မတင်ရေမကျဖြစ်နေသည့် အစည်းအဝေးအပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Chhea Keo က ၎င်းတို့နိုင်ငံအနေနှင့် အပစ်အခတ်ရပ်စဲရေးကိုလိုလားကြောင်း ပြောကြားသည်။
“ကမ္ဘောဒီးယားက ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို ခြွင်းချက်မရှိတောင်းဆိုထားပြီး အငြင်းပွားမှုရဲ့ ငြိမ်းချမ်းတဲ့အဖြေကို တောင်းဆိုပါတယ်” ဟု Keo က သတင်းထောက်များကို ပြောကြားသည်။
ထိပ်တိုက်တွေ့ဆုံမှုတွေ စတင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးက အပြန်အလှန်အပြစ်တင်ခဲ့ကြသည်။
ထိုင်းနိုင်ငံသည် Preah Vihear ဘုရားကျောင်းအပါအဝင် သမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါသည့်နေရာများကို တိုက်ခိုက်နေသည်ဟု ကမ္ဘောဒီးယားကစွပ်စွဲထားသော်လည်း ထိုင်းဘက်က ငြင်းဆိုထားသည်။

ယူနက်စကိုမှ အသိအမှတ်ပြုထားသော ဘုရားကျောင်းသည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား ကာလရှည်ကြာအငြင်းပွားမှု၏ အချက်အချာဖြစ်သည်။
“ဒီလို ထင်ရှားပြီး ရန်လိုတဲ့လုပ်ရပ်က မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေကို တိုးမြင့်လာစေပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဆိုးရွားစွာခြိမ်းခြောက်လာပါတယ်” ဟု Keo က ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ စနေနေ့တိုက်ပွဲအတွင်း အရပ်သား ၈ ဦးနှင့် စစ်သား ၅ ဦးအပါအဝင် ၁၃ ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီး၊ ၇၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုင်းစစ်တပ်က စစ်သားငါးဦးကျဆုံးခဲ့ကြောင်း သောကြာနေ့တွင်ပြောကြားပြီး၊ ထိုနေရာတွင် အရပ်သား ၁၄ မှ ၂၀ ဦးနှင့် တပ်မတော်သားခြောက်ဦးတို့ သေဆုံးခဲ့ကြောင်း သိရ သည်။
ယခုသေဆုံးသည့်အရေအတွက်သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း သေဆုံးသူ ၂၈ ဦးထက် ပိုမိုများပြားနေပြီဖြစ်သည်။
Credit: CNA
သေဆုံးသူအရေအတွက် မြင့်တက်လာပြီးနောက် အပစ်အခတ်ရပ်စဲရန် ကမ္ဘောဒီးယားတောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်