ကွာလာလမ်ပူ၊ ဇူလိုင် ၂၆
ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ စည်းလုံးညီညွတ်သောအစိုးရသည် လူနေမှုစရိတ်များမြင့်တက်မှုနှင့် ပြုပြင်ပြောင်းလဲမှုများ တိုးတက်ခြင်းမရှိသောကြောင့် မြို့တော်ကွာလာလမ်ပူ၌ ဇူလိုင် ၂၆ ရက်၊ စနေနေ့တွင် မလေးရှားနိုင်ငံသား ထောင်ပေါင်းများစွာသည် မြို့တော်လမ်းများပေါ်တွင် ဆန္ဒပြခဲ့ကြသည်။
၂၀၂၂ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး အန်ဝါအာဏာရလာပြီးနောက် အတိုက်အခံပါတီများကစီစဉ်သည့် လူထုဆန္ဒပြပွဲသည် အရှေ့တောင်အာရှ၏ ဆဋ္ဌမအကြီးဆုံးစီးပွားရေးနိုင်ငံအတွက် ပထမဆုံးသော အဓိကဆန္ဒပြမှုဖြစ်သည်။
ဆန္ဒပြသူများသည် Merdeka(လွတ်လပ်ရေး)ရင်ပြင်ဗဟိုတွင်စုရုံးကာ မလေးဘာသာဖြင့် “ Turun Anwar” “ အန်ဝါဆင်းပေးပါ” ဟု ကြွေးကြော်ထားသည့် စာတမ်းများကိုင်ဆောင်ကာ မြို့လယ်တဝိုက်ရှိ နေရာအသီးသီးတွင် စုဝေးခဲ့ကြသည်။
“သူ(အန်ဝါ)ဟာ နိုင်ငံကိုသုံးနှစ်ကြာအုပ်ချုပ်ခဲ့ပြီး သူပေးခဲ့တဲ့ကတိတွေကို ဖြည့်ဆည်းမပေးသေးပါဘူး” ဟု ဆီလန်ဂေါမြို့မှ အသက် ၃၅ နှစ်ရှိ ဆန္ဒပြသူ Fauzi Mahmud က ပြောကြားသည်။
အန်ဝါသည် “ ရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်နိုင်ရန် နိုင်ငံများစွာကိုရောက်ရှိခဲ့သည်၊ သို့သော် ကျွန်ုပ်တို့ဘာမှမမြင်ရသေးပါ” ဟု Fauzi က ဝန်ကြီးချုပ်၏ ရုရှားနှင့် ဥရောပသို့ခရီး စဉ်များအပါအဝင် မကြာသေးမီကခရီးစဉ်များကို ရည်ညွှန်းပြီး AFP သို့ ပြောကြားသည်။
“လူနေမှုစရိတ်က ကြီးနေသေးတယ်” ဟု အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

သူ၏နိုင်ငံရေးပြိုင်ဖက်ဖြစ်သူ ဝါရင့်နိုင်ငံရေးသမား မဟာသီယာမိုဟာမက်က “သုံးနှစ်ရှိပြီ၊ ပြည်သူတွေဘာများရပြီလဲ၊ သူ(အန်ဝါ)က ကျွန်တော်တို့ဒုက္ခရောက်နေတာကိုတွေ့ရ တော့ ကျေနပ်နေတယ်” ဟု လူထုစည်းဝေးပွဲတွင် ပြောကြားခဲ့သည်။
“လုံလောက်ပါပြီ၊ ရာထူးကဆင်းပေးပါ” ဟု ၎င်း၏ နှစ် ၁၀၀ ပြည့်မွေးနေ့ကို ပြီးခဲ့သည့်လကကျင်းပခဲ့သည့် ကမ္ဘာ့အသက်အရှည်ဆုံး နိုင်ငံရေးသမားများထဲမှတစ်ဦးဖြစ်သည့် မဟာသီယာက ပြောကြားသည်။
ဆန္ဒပြသူ ၁၈,၀၀၀ မှ ၅၀,၀၀၀ အကြားပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မြို့အာဏာပိုင်များက ခန့်မှန်းထားသည်။ အန်ဝါအား ပြုပြင်ပြောင်းလဲရေးသမားတစ်ယောက်အဖြစ် ဝန်ကြီး ချုပ်ခန့်အပ်ခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများကြား အသားကျနေသည့် နိုင်ငံရေးစနစ်အတွင်း အကျင့်ပျက်ခြစားမှု၊ သဘောထားကြီးမှုနှင့် ခရိုနီဝါဒများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ကတိပြုခဲ့သည်။
Credit: CNA
ကွာလာလမ်ပူမြို့တွင် မလေးရှားဝန်ကြီးချုပ်ကို ပြည်သူထောင်ချီ ဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်