မိုးကုတ်မြို့ဝန်းကျင်တွင် ကားလမ်းအချို့ ပိတ်ထားခြင်းကြောင့် ဒေသခံအချို့ စစ်ရှောင်ရန် အခက်အခဲများရှိနေ ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၉

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပတ်ဝန်းကျင်တွင် ကားလမ်းအချို့ပိတ်ထားခြင်းကြောင့် ဒေသခံများ စစ်ရှောင်သွားရန် အခက်အခဲများရှိနေကြောင်း သိရသည်။

ဇူလိုင် ၂၉ ရက်၊ ယနေ့နံနက်ပိုင်းက TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့၏နေရာအချို့တွင် ကားလမ်းများပိတ်ထားခြင်းကြောင့် ဒေသခံအချို့ စစ်ရှောင်သွားရန် အခက်အခဲများရှိနေကြောင်း သိရသည်။

“ဒီရက်ထဲ ခဏခဏ ဗုံးကကျနေတော့ စစ်ရှောင်မလို့ လမ်းတွေပိတ်ထားတော့ ဘယ်မှသွားလို့လည်းမရဘူး။ အဓိကတော့ ဗုံးတွေပေါ့။ ဘယ်အချိန် ဘယ်နာကျမလည်းမသိနဲ့ စိတ်ပူနေရတယ်။ ကားလမ်းတွေကလည်း သွားလာဖို့ခက်နေတဲ့အချိန်။ စစ်ကလည်းရှောင်မရ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇူလိုင် ၂၉ ရက်၊ ယနေ့နံနက် ၁၀ နာရီကျော်က၊ မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံလေးဦးသေဆုံးပြီး၊ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနက်က မိုးကုတ်အရှေ့ဘက်တွေကိုကျတာ။ လူထိတာတွေလည်းရှိတယ်။ သေတာလေးယောက်။ ဒဏ်ရာပြင်းတဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာရတာ ကိုးယောက်လောက်ရှိမယ်။ နေရာများတယ်ကျတာ။ နေအိမ်တွေလည်းပျက်စီး။ ဖုန်းဆိုင်နဲ့ ဟိုတယ်တစ်ခုလည်းထိတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် တစ်လအတွင်း လေးကြိမ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်မှု များရှိနေကြောင်း သိရသည်။

“ခုတလော အမြဲလာလာချနေတာ။ ညီမက အလုပ်ရောက်နေတာ ဗုံးစတွေက ခေါင်မိုးပေါ် တဒုန်းဒုန်းနဲ့ကျလာတော့ ခေါင်းပေါ်ကျလာသလိုပဲ။ သေပြီမှတ်နေတာ။ ခုတစ်ခေါက်မှ တော်တော်ကိုလန့်မိတယ်။ လေးငါးလုံးချတာ။ မနက်စောစောကတော့ မင်းတံတားတဲ့။” ဟုဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မိုးအဆက်ပြတ်ရွာသွန်းခြင်းကြောင့် မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ၍ မိုးကုတ်-ကျော်မဲ၊ မိုးကုတ်-မိုးမိတ်၊ မိုးကုတ်-စဉ့်ကူး၊ မိုးကုတ်-သပိတ်ကျင်း၊ ပြင်ဦးလွင်၊ အုမ္မတီ-အုမ္မခါ-မိုင်းလုံ၊ တကောင်း၊ တွင်းငယ်-မိုးမိတ် စသည့်ကားလမ်းများကို ယာယီပိတ်ထားသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)က ဇူလိုင် ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်ဟူသည့် အတည်မပြုနိုင်သေးသည့် ထုတ်ပြန်ချက်တစ်ခု လုမှုကွန်ရက်ပေါ်တွင် ပြန့် နှံ့နေသည်။

ဇွန်လ ၂၅ ရက်နေ့ကလည်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးကိုထိမှန်ကာ ဒဏ် ရာရရှိခဲ့ပြီး၊ ဘုန်းကြီးကျောင်းအပါအဝင် နေရာအချိုပျက်စီးခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့တွင် တစ်လအတွင်း လေးကြောင့်တိုက်ခိုက်မှု လေးကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသအတွင်း သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းယူခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယခုအခါ နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-CJ

#ယနေ့ခေတ်

မိုးကုတ်မြို့ဝန်းကျင်တွင် ကားလမ်းအချို့ ပိတ်ထားခြင်းကြောင့် ဒေသခံအချို့ စစ်ရှောင်ရန် အခက်အခဲများရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.