ရန်ကုန်၊ ဇူလိုင် ၃၁
ကရင်ပြည်နယ်၊ ဘာအံမြို့တွင် သံလွင်မြစ်ရေများမြင့်တက်ကာ ရေစီးသန်မှုကြောင့် လှေတစ်စီးတိမ်းမှောက်၍ အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ဇူလိုင် ၃၁၊ ယနေ့ညနေ ၃ နာရီကျော်က ဘားအံမြို့ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁) ရေပေါ်စျေးအနောက်တွင် သံလွင်မြစ်ရေများမြင့်တက်နေကာ ရေစီးသန်မှုကြောင့် လှေတစ်စီး သစ်ပင်ကိုဝင်တိုက်ကာ တိမ်းမှောက်ပြီး လှေပေါ် ပါသုံးဦးအနက် တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။
“သူတို့တွေက မိသားစုတွေပါ။ လှေပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက်ပါတယ်။ နှစ်ယောက်ပြန်တွေ့တယ်။ ပျောက်နေတာက အသက်ကြီးပိုင်းအဖိုးတစ်ယောက်ပဲ။ ရေကလည်းကြီး၊ ရေကလည်းတက်၊ ရေစီးကသန်ဆိုတော့ လှေက သစ်ပင်ကိုဝင်တိုက်ပြီး မှောက်သွားတာပါ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ လှေမှောက်၍ ပျောက်ဆုံးနေသူအမျိုးသားကို ရှာမတွေ့သေးကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ဇူလိုင် ၃၁ ရက်တွင် ၇၅၀ စင်တီမီတာမှ ၉၃၂ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၂၇ ရက်နေမှစ၍ တောင်ငူ၊ မဒေါက်၊ ရွှေကျင်၊ ဘားအံ၊ မြဝတီ၊ ဘီးလင်မြို့နှင့် ရှမ်းပြည်တောင်ပိုင်း ရွှေညောင်၊ ပင်းတယ၊ စသည့်မြို့များတွင်လည်း ယနေ့အချိန်အထိ ရေကျဆင်းမှုမရှိသေးဘဲ ဆက်လက်မြင့်တက်နေသေးကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-မာဃလူမှုကူညီရေးအသင်း(ဘားအံ)
#ယနေ့ခေတ်
ဘားအံတွင် ရေစီးသန်မှုကြောင့် လှေတစ်စီးတိမ်းမှောက် တစ်ဦးပျောက်ဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်