ဂျေရုဆလင်၊ ဩဂုတ် ၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်သည် ၂၂ လနီးပါး စစ်ပွဲနှင့် စားနပ်ရိက္ခာပြတ်လပ်မှု အကြီးအကျယ်ကြုံတွေ့နေရသည့်ဂါဇာသို့ ရှားရှားပါးပါးခရီးစဉ်မတိုင်မီ ကြာသပတေးနေ့က အစ္စရေးသို့သွားရောက်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီချက်အတွက် လအတန်ကြာရပ်တန့်နေသော စေ့စပ်ညှိနှိုင်းမှုများတွင်ပါဝင်ခဲ့သည့် ဝစ်ကော့ဖ်သည် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုနှင့် တွေ့ဆုံခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူက ပြောကြားသည်။
ဝစ်ကော့ဖ်သည် သောကြာနေ့တွင် ဂါဇာသို့သွားရောက်မည်ဟု အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်သည်။
ဇန်နဝါရီလက ဂါဇာသို့သွားရောက်ခဲ့သော ဝစ်ကော့ဖ်သည် “ အကူအညီများဖြန့်ဖြူးနေသော နေရာများကိုစစ်ဆေးပြီး အစားအသောက်များ ပိုမိုပို့ဆောင်ပေးမည့် အစီအစဉ်ကိုအာမခံကာ၊ ဆိုးရွားသောအခြေအနေများကို ကိုယ်တိုင်တွေ့မြင်နိုင်စေရန် ဂါဇာဒေသခံများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ကာရိုလိုင်း လီယာဗစ်က သတင်းထောက်များအား ပြောကြားသည်။
အကူအညီပေးရေးယာဉ်တန်းကို ပိတ်ဆို့ရန်ကြိုးစားနေသည့်လူအုပ်ကို အစ္စရေးတပ်ဖွဲ့များက ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင်ပစ်ခတ်ခဲ့ရာ ပါလက်စတိုင်း ၅၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာရှိ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက အစီရင်ခံတင်ပြခဲ့သည်။
ကယ်ဆယ်ရေးထရပ်ကားများ ပတ်ပတ်လည်တွင် ပါလက်စတိုင်းများစုရုံးနေချိန်တွင် အစ္စရေးတပ်ဖွဲ့ဝင်များသည် သတိပေးပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။
ဂါဇာမြို့ Al-Shifa ဆေးရုံတွင် ကျည်ဆန်များနှင့် ပြန့်ကျဲနေသောအလောင်းများကို AFP သတင်းထောက်တစ်ဦးက တွေ့ရှိခဲ့သည်။ ပစ်ခတ်မှုတွင် ဆွေမျိုးတစ်ဦးဆုံးရှုံးခဲ့ရသူ Jameel Ashour က “လူများသည် အစားအစာများ ခိုးယူနေသည်ကို တွေ့ခဲ့ရပြီး၊ ဆာလောင်နေသောလူအုပ်ကြီးသည် ရိက္ခာရရှိရန်မျှော်လင့်ချက်ဖြင့် အပြေးအလွှားလာကြစဉ် အစ္စရေးတပ်များက ပစ်ခတ်ခဲ့ကြောင်း AFP သို့ ပြောကြားသည်။
ဝစ်ကော့ဖ်သည် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား သွယ်ဝိုက်ညှိနှိုင်းမှုတွင် အမေရိကန်ထိပ်တန်းကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သော်လည်း ပြီးခဲ့သောသီတင်းပတ်တွင် အစ္စရေးနှင့် အမေရိကန်တို့က ၎င်းတို့၏ကိုယ်စားလှယ်အဖွဲ့ များကို ဒိုဟာမှပြန်ခေါ်လာသောအခါတွင် ဆွေးနွေးမှုများပျက်ပြားသွားခဲ့သည်။
အစ္စရေးသည် နိုင်ငံတကာဖိအားများခံနေရပြီး ကနေဒါနှင့် ပေါ်တူဂီတို့က ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမည့်အစီအစဉ်ကို အနောက်တိုင်းအစိုးရများက ကြေညာခဲ့သည်။
Credit: bangkokpost.com
#ယနေ့ခေတ်
အစ္စရေးအပေါ် ဖိအားများတိုးလာနေချိန်တွင် အမေရိကန်အထူးသံတမန် ဂါဇာသို့သွားရောက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်