ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ဘေးရှောင်များ နေရာအဆင့်ဆင့်ကိုပြောင်းလဲနေရ ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ဘေးရှောင်များ နေရာအဆင့်ဆင့်ကိုပြောင်းလဲ စစ်ရှောင်နေရပြီး အခက်အခဲများရှိနေကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက်နေ့က၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် ကျောက်မဲ၊ သီးပေါ၊ နောင်ချိုမြို့မှ လာရောက်စစ်ရှောင်နေကြသူများသည် နေရာအဆင့်ဆင့်ကိုပြောင်းလဲ၍ စစ်ရှောင်နေရပြီး အခက်အခဲများရှိနေကြောင်း သိရသည်။

“အခုဆို ကျောက်မဲကနေ စစ်ရှောင်လာတာ။ နောင်ပိန်ကို။ နောက်ပိန်ကနေမှ လားရှိုးကိုရှောင်လာတာ။ လားရှိုးရောက်ပြန်တော့ နေစရာအတွက် အိမ်ငှါးနေရတယ်။ အိမ်းငှါးခက တော့ စျေးကမကြီးဘူး။ ငါးသောင်း၊ ခြောက်သောင်းပဲ စစ်ဘေးရှောင်တွေအတွက်။ ခက်တာက အလုပ်မရှိတာပါ။ အလုပ်မရှိတော့ ဘယ်ကနေ ဘာလုပ်ရမှန်းမသိနဲ့။ အခုက တစ်မြို့ပြီးတစ်မြို့ကို ရှောင်နေရတာ ငွေကြေးတွေပါ ခက်ခဲပါတယ်။” ဟု ကျောက်မဲမြို့မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇူလိုင် ၂၆ ရက်နေ့မှစ၍ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် နောင်ပိန်ကျေးရွာမှ စစ်ရှောင်သွားကြသူအချို့ စားနပ်ရိက္ခာနှင့် အမျိုးသမီးလစဉ်သုံးများလည်း လိုအပ်နေကြောင်း သိရသည်။

“စားသောက်ကုန်က ဆန်၊ ဆီ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးနဲ့ ကုလားပဲ၊ ကြာဇံ အဲ့ဒါတွေလိုတာပါ။ အဝတ်အထည်တွေလည်း လိုပါတယ်။ အဓိကပြောရရင် မိန်းကလေးတွေရဲ့ လစဉ်သုံးတွေလည်းလိုပါတယ်။” ဟု နောင်ပိန်မြို့မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်၊ နောင်ပိန်ကျေးရွာအပါအဝင် သီပေါ၊ နောင်ချို့တို့တွင် စစ်ဘေးရှောင်သောင်းကျော်ရှိနေကာ၊ ထပ်မံပြီး စစ်ဘေးလွတ်ရာ အခြားနေ ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေက အရင်က ကျောက်မဲမြို့၊ သီပေါ၊ နောင်ချိုကနေ နောင်ပိန်မှာလာရှောင်တာ ၂၀၀၀ ကျော်လောက်ရှိတယ်။ အခု နောင်ပိန်ကိုပါ လက်နက်ကြီးတွေကျတော့။ မနေရဲကြတော့ဘူး။ စစ်လာရှောင်တဲ့သူတွေလည်း ရှောင်ပြီးရင်းရှောင်နဲ့ အခုဆို လူဦးရေသောင်းကျော်မယ်။” ဟု စစ်ဘေးရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇူလိုင် ၃၀ ရက်နေ့ကလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် နောင်ပိန်ကျေးရွာသို့ စစ်ရှောင်လာသည့် စစ်ဘေးရှောင်ငါးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာတွင် လက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ဦးသေဆုံးခဲ့ပြီး၊ ငါးဦးထက်မနည်း ဒဏ်ရာရရှိကာ၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်ငါးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို နစကတပ်များက ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ကျောက်မဲမြို့ရှိနေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ် နှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့က နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ကျောက်မဲနှင့် သီပေါမြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူလူဦးရေ ၃ ဒသမ ၅ သန်းခန့်ရှိကြောင်း UN OCHA Myanmar ကထုတ်ပြန်ထားသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- ဒေသခံ (နောင်ပိန်မြို့တွင် စစ်ရှောင်သူများနှင့် နေအိမ်ပျက်စီးမှုများ)

#ယနေ့ခေတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ဘေးရှောင်များ နေရာအဆင့်ဆင့်ကိုပြောင်းလဲနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.