မိုးကုတ်မြို့တွင် စစ်အရိပ်အငွေ့များရှိလာပြီး ဒေသခံ ၁၀၀၀ ကျော် စစ်ရှောင်နေရ

ရန်ကုန်၊ ဩဂုတ် ၂

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

၂၁၂၅ ခုနှစ်၊ ဇူလိုင်လမှစ၍ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့၏နေရာအချို့ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးလွတ် ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ရှောင်လူဦးရေ အတိအကျတော့ မသိသေးဘူးဗျ။ များတော့များတယ်ဗျ။ ထောင်ဂဏန်းလောက်တော့ရှိမယ်ဗျ။ ကားလမ်းတွေပိတ်ထားပေးမဲ့ မြိုနဲ့မနီးမဝေးရွာတွေက အမျိုးတွေရှိတဲ့နေရာကို ရှောင်ကြတာပါ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဩဂုတ်လ ၂ ရက်၊ ယနေ့နံနက်က TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၃ ဦးသေဆုံးပြီး၊ ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“လောလောဆယ်တော့ ၁၃ ယောက်လို့သိရပါတယ်။ ရှာရသေးတာဆိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။ ဒီနေ့က လေကြောင်းတစ်ကြိမ်။ ပြီးခဲ့တဲ့လက လေကြောင်းက လေးကြိမ်ရှိတယ်။ ကျွန်တော်တော့တတွေလည်း ဖြစ်ဖြစ်ချင်တော့ မထွက်ရဲကြဘူး။ မိနစ်အနည်းငယ်ကြာမှ ထွက်ရတာပေါ့။” ဟု အကူအညီပေးနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်စီးကားအပါအဝင် နေအိမ်ငါးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၉ ရက်နေ့ကလည်း၊ မိုးကုတ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံလေးဦးသေဆုံးခဲ့ပြီး၊ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင် လေကြောင်းတိုက်မှု ငါးကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် အရပ်သားသေဆုံးသူ ၂၀ ဦးထက်မနည်းရှိခဲ့ပြီး၊ ဒဏ် ရာရရှိသူ ၃၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းယူခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယခုအခါ အစိုးရတပ်များသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ဒေသခံ

#ယနေ့ခေတ်

မိုးကုတ်မြို့တွင် စစ်အရိပ်အငွေ့များရှိလာပြီး ဒေသခံ ၁၀၀၀ ကျော် စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.